OPPO Find X3 Pro ဟာ ဒီနှစ်အတွက် မျှော်လင့်ထားကြတဲ့ စမတ်ဖုန်းတွေထဲမှာ ပါဝင်ပါတယ်။ Find X2 Pro ကလည်း ကောင်းမွန်တဲ့ Review တွေပဲ ရခဲ့တာကြောင့် Find X3 Pro ကို မျှော်လင့်နေကြတယ်ဆိုတာကလည်း အထူးအဆန်းတော့ မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေအထိ Find X3 အကြောင်း သတင်းတွေပဲ ထွက်ပေါ်ခဲ့တာဖြစ်ပေမယ့် ဒီတစ်ပတ်မှာတော့ Find X3 Pro ရဲ့ Render ရုပ်ပုံအချို့ကို နာမည်ကျော် Leakster Evan Blass (@evleaks) ရဲ့ ဖော်ပြမှုနဲ့အတူ တွေ့မြင်လာရပြီ ဖြစ်ပါတယ်။

Find X3 Pro ရဲ့ ပုံစံဟာ အခြားမိသားစုဝင်တွေနဲ့ အနည်းငယ်ကွဲပြားခြားနားတဲ့ ဒီဇိုင်းအယူအဆကိုတော့ ယူဆောင်လာတာဖြစ်ပါတယ်။ အထူးသဖြင့် ကျောဘက်ကင်မရာတပ်ဆင်ပုံဟာ iPhone 12 Pro Max နဲ့ ဆင်တူတယ်လို့ ပြောနိုင်ပေမယ့် ကင်မရာအိမ်တည်ဆောက်ပုံကတော့ ထူးခြားတဲ့ချဉ်းကပ်ပုံနဲ့ ဒီဇိုင်းအယူအဆလို့ ပြောရမှာ ဖြစ်ပါတယ်။

Render အရ Find X3 Pro ရဲ့ ကျောဘက်ကင်မရာ Bump ဟာ သိသိသာသာ ထွက်ပေါ်နေတာမဟုတ်ဘဲ ကိုယ်ထည်ထဲကနေ မသိမသာ ပြေပြေပြစ်ပြစ်ထွက်ပေါ်လာတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ တနည်းအားဖြင့် ဆင်ခြေလျောလိုမျိုး ပုံစံမျိုး ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကင်မရာအိမ်ဟာ ကိုယ်ထည်နဲ့ တစ်သီးတစ်ခြားဖြစ်နေတယ်လို့ မခံစားရပဲ၊ တစ်သားတည်းဖြစ်နေသလို ခံစားရစေပါတယ်။

Find X3 Pro ဟာ Curved display နဲ့ဖြစ်ပြီး 6.7-inch, 1440p ဖြစ်သလို၊ 120Hz refresh rate လည်း ထောက်ပံ့မယ်လို့ Evan Blass က ဆိုပါတယ်။ အသံအတိုးအချဲ့ခလုတ်ကို ဘယ်ဘက်ဘောင်မှာတပ်ဆင်ထားပြီး၊ ညာဘက်ဘောင်မှာတော့ အဖွင့်အပိတ်ခလုတ်ကို နေရာချထားတာပါ။ အရောင်အားဖြင့် Black, Blue, Orange နဲ့ White ဆိုပြီး လေးမျိုးထွက်မယ်လို့ ဆိုပါတယ်။

မျက်နှာပြင်ထက်မှာ Punch-hole နဲ့အတူ Selfie ကင်မရာကိုတပ်ဆင်ထားပြီး၊ ကျောဘက်မှာတော့ 50MP Sony ကင်မရာ နှစ်လုံး၊ 13MP telephoto ကင်မရာနဲ့ 25x zoom ကို ထောက်ပံ့ပေးမယ့် 3MP macro ကင်မရာတို့ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ SuperVOOC 2.0 အမြန်အားသွင်းစနစ်နဲ့ ကြိုးမဲ့အမြန်အားသွင်းစနစ်တွေလည်း ထောက်ပံ့ထားတယ်လို့ သိရပါတယ်။

အစောပိုင်းပေါက်ကြားသတင်းတွေမှာတော့ Find X3 Pro ဟာ 4,500mAh ဘက်ထရီနဲ့ဖြစ်ပြီး 65W အမြန်အားသွင်းစနစ်၊ 30W ကြိုးမဲ့အမြန်အားသွင်းစနစ်တွေ ထောက်ပံ့တယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ Dual-body NFC antenna ကြောင့် tap-to-pay ကို နှစ်ဘက်စလုံးပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ OPPO Find X3 Pro ကို မတ်လနှောင်းပိုင်း၊ ဒါမဟုတ် ဧပြီလထဲမှာ အခြားမော်ဒယ်နှစ်မျိုးဖြစ်တဲ့ Find X3 Neo, Find X3 Lite တို့နဲ့အတူ မိတ်ဆက်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena