MIUI 14 လို့ ထင်ရတဲ့ Screenshot တွေ အွန်လိုင်းမှာ ပေါက်ကြားလာပြီး နောက်တွေ့ရမယ့် ပြောင်းလဲမှု တချို့ကို ကြိုတင် သိလာရပါပြီ။ MIUI 14 ဟာ Android 13 OS ကို အခြေပြု ဖန်တီးထားတာ ဖြစ်ပါတယ်။ MIUI Development Version 22.7.19 မှာ ဘာတွေ ပါလာမလဲဆိုတာ အောက်မှာ လေ့လာကြည့်ရအောင်။ (Xiaomi ဟာ ရက်စွဲအခြေပြု Version တွေကို အသုံးပြုတဲ့အတွက် အခု Version ဟာ နောက်ဆုံးထုတ် ဖြစ်ပါတယ်။ )

Gallery App မှာ Text Recognition လုပ်ဆောင်ချက် ပါလာပြီး Screenshot ရိုက်ထားတဲ့ စာရွက်စာတမ်းတွေက စာသားတွေကို လျှင်မြန်စွာ ကော်ပီကူးနိုင်ပါတယ်။ “On this day” လုပ်ဆောင်ချက်က လွန်ခဲ့တဲ့ နှစ်များစွာ အကြာက အမှတ်တရ ဓါတ်ပုံတွေကို ပြသပေးမှာ ဖြစ်ပါတယ်။

နောက်မျိုးဆက် ကြိုးမဲ့ အသံ စနစ် ဖြစ်တဲ့ Bluetooth LE Audio ထောက်ပံ့ထားမှာ ဖြစ်ပြီး အရည်အသွေးမြင့် Codec အသစ် ပါလာမှာပါ။ Auracast Broadcasting ထည့်သွင်းထားမှာ ဖြစ်ပြီး Device ၁ လုံးဟာ FM Radio Station လို အလုပ်လုပ်ကာ Headphone များစွာကနေ နားထောင်နိုင်မှာပါ။ ဒါ့အပြင် Multi-stream က TWS နားကြပ် ၂ ခုဆီ အသံတွေကို တစ်ပြိုင်နက် ထုတ်လွှင့်ပေးနိုင်ပါတယ်။

MIUI 14 မှာ ပိုကောင်းတဲ့ Anti-fraud Protection ပါလာမှာ ဖြစ်ပြီး သံသယ ဖြစ်စရာ Call , Message နဲ့ App တွေကို သတိပေးနိုင်ပါတယ်။

MIUI 14 မှာ Notification ကို ရှင်းလင်းအောင်ပြုလုပ်ထားပြီး ဒီဇိုင်း ဆန်းသစ်ထားတဲ့ Assistant Interface ပါလာမှာပါ။ Clock App UI ကိုလည်း ဆန်းသစ်ထားမှာပါ။

MyDrivers က အရင်နှစ်က MIUI 12.5 လို ဒီနှစ်မှာ Intermediate Version ထွက်လာမှာ မဟုတ်ဘူးလို့ ပြောပြီး Xiaomi ဟာ MIUI 13 ကနေ MIUI 14 ကို တိုက်ရိုက် ဖန်တီးမှာ ဖြစ်ပါတယ်။

Ref : gsmarena