Xiaomi 12 Series ကို ကြေညာထားတာ နာရီပိုင်းပဲ ရှိသေးတဲ့အချိန်မှာ ကုမ္ပဏီရဲ့ တည်ထောင်သူနဲ့ စီအီးအို ဖြစ်သူ Lei Jun က တရုတ် လူမှုကွန်ရက် ဝီဘိုမှာ Xiaomi 12 Series နဲ့ Apple iPhone 13 Series ကို နှိုင်းယှဉ်ပြလိုက်ပါတယ်။

Xiaomi

သူက Xiaomi 12 Pro ဟာ iPhone 13 Pro Max ထက် လက်ထဲမှာ ကိုင်တွယ်အသုံးပြုရတာ ပိုကောင်းပြီး ဘက်ထရီ နည်းပညာ အပိုင်းမှာ ပိုသာတယ်လို့ ရေးသားထားပါတယ်။ သူက iPhone 13 Pro Max မှာ ၆.၇ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး အရွယ်အစား အပြည့်အစုံဟာ 160.8mm x 78.1mm x 7.65mm နဲ့ အလေးချိန်ဟာ ၂၃၈ ဂရမ်ရှိတယ်လို့ သုံးသပ်ပါတယ်။ Xiaomi 12 Pro မှာတော့ ၆.၇၃ လက်မ မျက်နှာပြင်ပါလာပြီး အရွယ်အစား အပြည့်အစုံက 163.6mm x 74.6mm x 8.16mm နဲ့ အလေးချိန်က ၂၀၅ ဂရမ် ရှိပါတယ်။

Xiaomi

သူပြောချင်တာက Xiaomi 12 Pro ဟာ iPhone 13 Pro Max ထက် အလေးချိန် နည်းပါးပြီး အထူကလည်း 74.6mm ပဲရှိတဲ့အတွက် ပိုပါးလွှာပါတယ်။ အဲဒီအတွက် လက်ထဲမှာ ကိုင်တွယ်ရတာ ပိုအဆင်ပြေစေပါတယ်။ ဒါ့အပြင် သူက Xiaomi 12 Pro မှာ 120Hz Refresh Rate ထောက်ပံ့တဲ့ မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး အရွယ်ကြီး Notch အစား Punch Hole ကင်မရာ သုံးထားတယ်လို့ ရှင်းပြပါတယ်။ သူက တန်ဖိုးအနည်းဆုံး Xiaomi 12 မော်ဒယ်နဲ့ iPhone 13 မော်ဒယ်ကိုလည်း နှိုင်းယှဉ်ပြလိုက်ပြီး Xiaomi 12 ဟာ ပိုပါးလွှာသလို DisplayMate ရဲ့ A+ အဆင့် သတ်မှတ်ချက်ရထားတယ်လို့ ပြောပါတယ်။

Lei Jun က အရွယ်အစား ကျစ်လစ်တဲ့ စွမ်းရည်မြင့် စမတ်ဖုန်း ဖြစ်အောင် ကြိုးစားထားပုံကို ရှင်းပြပါသေးတယ်။ Xiaomi 12 ရဲ့ Motherboard ပိုသေးငယ်အောင် ကုန်ကျစားရိတ်များတဲ့ Sandwich Structure ကို သုံးထားသလို အပါးလွှာဆုံး VC Cooling Plate ကို ဖန်တီးထားပါတယ်။ အရွယ်သေးပေမယ့် အခြေခံ Xiaomi 12 မော်ဒယ်မှာ ကုန်ကျစားရိတ်ပိုများတဲ့ Cobalt Oxide ဘက်ထရီ မျိုးဆက်သစ်ကို သုံးထားတဲ့အတွက် ဘက်ထရီ ပမာဏ ပိုကြီးပါတယ်။ အရင်က သတင်းထွက်ခဲ့သလို Xiaomi 12 Series ရဲ့ ကုန်ကျစားရိတ်ဟာ အရင်မျိုးဆက်ထက် ပိုများတယ်ဆိုတာ မှန်ကန်လာပါတယ်။

Ref : gizmochina