Apple ဟာ ယခုနှစ်ကုန်ပိုင်းမှာ Augmented Reality Glasses အသစ်တွေကို မိတ်ဆက်ဖို့စီစဥ်ထားတယ်ဆိုပြီး သတင်းတွေထွက်ရှိနေပါတယ်။ ဒါတင်မဟုတ်သေးဘဲ မကြာသေးခင်တုန်းကလည်း Google ကနေ AR Glasses ကုမ္ပဏီတစ်ခုဖြစ်တဲ့ North ကို အပြီးပိုင်ဝယ်ယူလိုက်တဲ့အတွက် AR Glasses စျေးကွက်ဟာ မကြာခင်နှစ်ပိုင်းအတွင်းမှာပြင်းထန်လာဖွယ်ရှိနေပါတယ်။

အခုလည်း LG ကနေ Japan Mobile Operator ကုမ္ပဏီဖြစ်တဲ့ NTT DoCoMo နဲ့ပူးပေါင်းပြီးတော့ AR Glasses တစ်မျိုးကို ထုတ်လုပ်သွားဖို့စီစဥ်နေတယ်လို့ သိရပါတယ်။ အဆိုပါ AR Glasses တွေဟာ အလေးချိန်အနေနဲ့ 80g အောက်ပဲရှိမှာဖြစ်ပြီး ပုံမှန် Sun Glasses တွေထက် အနည်းငယ်ပဲပိုလေးမှာဖြစ်သလို တခြားသော AR Glasses တွေနဲ့ယှဥ်ရင် သိသိသာသာကို ပိုပေါ့ပါးနေမှာဖြစ်ပါတယ်။

အဆိုပါသတင်းကိုတော့ ETNews ကနေ ဖော်ပြခဲ့တာဖြစ်ပြီး LG နဲ့ NTT DoCoMo တို့ကတော့ ယခုသတင်းကို အတည်ပြုခဲ့ခြင်းမရှိသေးပါဘူး။ ဒါတင်မဟုတ်သေးဘဲ ပါဝင်လာမယ့် Feature ပိုင်းတွေကိုလည်း အခုအချိန်အထိ အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ အဲ့ဒီအတွက် အသုံးပြုဖို့အတွက် စမတ်ဖုန်းနဲ့ ချိတ်ဆက်ဖို့လိုအပ်မလား၊ ပုံမှန်အတိုင်းအသုံးပြုနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

LG နဲ့ NTT DoCoMo ဟာ ယခင်တုန်းကလည်း 5G နဲ့ LTE နည်းပညာတွေအတွက် အတူလုပ်ဆောင်ခဲ့ဖူးပြီးတော့ အဆိုပါ AR Glasses ကိုလည်း ၂၀၂၁ ခုနှစ်အတွင်းမှာ ထုတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Japan နိုင်ငံအတွက်ပဲ ထုတ်သွားမလား၊ International Version ကိုပါ မိတ်ဆက်လာနိုင်သလားဆိုတာကလည်း မသေချာသေးပါဘူး။

ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ စမတ်ဖုန်းကုမ္ပဏီတွေအနေနဲ့ Foldable ဖုန်းတွေတင်မဟုတ်ဘဲ AR Glasses တွေကို ထုတ်လုပ်သွားမယ်ဆိုတာကတော့ ဖြစ်နိုင်ခြေများနေပါတယ်။

Ref – Android Authority