ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ 4K Resolution နဲ့ HDR စနစ်တွေက Display ဈေးကွက်ထဲမှာ ရေပန်းစားပြီး တွင်တွင်ကျယ်ကျယ်အသုံးများလာခဲ့တဲ့နည်းပညာတွေဖြစ်ပါတယ်။ ဒါပေမယ့် အခု ၂၀၁၈ ခုနှစ်ထဲမှာတော့ 8K Resolution က ရေပန်းစားလာဖို့ များနေပါပြီ။

ဘာဖြစ်လို့လဲဆိုရင် LG ကနေ အခုလာမယ့် CES 2018 ပွဲမတိုင်ခင်ကို သူတို့ရဲ့ 88-inch အရွယ်အစားရှိတဲ့ 8K OLED Display ကို ထုတ်ဖော်ပြသလိုက်တာကြောင့်ပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် အခု Display ဟာ ပြီးခဲ့တဲ့နှစ်က ထုတ်လုပ်ခဲ့တဲ့ 77-inch 4K OLED Display ထက် ပိုပြီး အရွယ်အစားကြီးမားသလို Resolution အရလည်း 8K ဖြစ်လာတဲ့အတွက် လက်ရှိအချိန်မှာ အရွယ်အစားအကြီးမားဆုံးနဲ့ Resolution အမြင့်ဆုံး OLED Display တစ်ခုဖြစ်လာခဲ့ပါတယ်။

အခုအချိန်မှာ LG ရဲ့ ပြိုင်ဘက်လို့ပြောရမယ့် Samsung Display က OLED TV တွေအစား QLED TV တွေကို ပြောင်းလဲထုတ်လုပ်နေတဲ့အတွက် LG Display က လက်ရှိအချိန်မှာ အကြီးမားဆုံး OLED Display ထုတ်လုပ်သူလို့ ပြောလို့ရပြီး LG Electronics ၊ Sony နဲ့ Panasonic တို့အတွက်ပါ OLED Display တွေကို ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။

LG ရဲ့ ယခု 88-inch 8K OLED Display ဟာ OLED Display ဈေးကွက်ကို တဆစ်ချိုးပြောင်းလဲစေခဲ့တယ်လို့ ပြောနိုင်ပြီးတော့ အခြားပြိုင်ဘက်တွေဖြစ်တဲ့ Sony ၊ Samsung နဲ့ Sharp ကုမ္ပဏီတွေက ဘယ်လိုနည်းပညာတွေထပ်သယ်ဆောင်လာမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေပါပြီ။