ပြီးခဲ့တဲ့ CES 2021 မှာ Tease လုပ်ခဲ့လို့ စိတ်ဝင်တစားစောင့်မျှော်နေကြတဲ့ LG Rollable ရဲ့ အနာဂတ်ဟာ တကယ်တမ်းမှာတော့ မသေချာ၊ မရေရာတဲ့အနာဂတ်သာ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ကနဦးသတင်းတွေအရဆိုရင်တော့ LG ဟာ သူတို့ရဲ့ Rollable ကို စက်တင်ဘာလထဲမှာ မိတ်ဆက်ဖို့ပြင်ဆင်ထားဖွယ်ရှိတာပါ။

အခုအချိန်မှာတော့ LG Rollable ရဲ့ ရှေ့ပြေးပုံစံကို အဝေးကနေကြည့်ရင်းနဲ့ပဲ ပုံပြင်တစ်ပုဒ်လို မေ့မေ့ပျောက်ပျောက်ဖြစ်သွားမယ့် အနေအထားဖြစ်နေပါတယ်။ ကုမ္ပဏီဟာ Rollable ဖုန်းဖြန့်ချိမယ့် အသေးစိတ်အစီအစဉ်တွေကို အမှန်တကယ်ဆုံးဖြတ်ရခြင်းမရှိသေးဘူးလို့ The Korea Herald က ရေးသားဖော်ပြခဲ့တာပါ။

LG အနေနဲ့ ဖြစ်နိုင်ခြေရှိတာတွေတိုင်းအတွက် လမ်းဖွင့်ထားကြောင်း ပွင့်ပွင့်လင်းလင်း ကြေညာထားပေမယ့်၊ လက်ရှိအနေအထားက သိပ်ကောင်းတဲ့အနေအထားမဟုတ်တာကို တွေ့နေရပါတယ်။ LG ရဲ့ CEO က မိုလ်ဘိုင်းစီးပွားရေးကို စွန့်ခွာဖို့ စဉ်းစားနေပြီး အလားအလာရှိတဲ့ ဝယ်ယူသူတွေနဲ့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ သိရပါတယ်။

မိုလ်ဘိုင်းဌာနခွဲဟာ LG လုပ်ငန်းစုကြီးအတွက် နှစ်အတော်ကြာ ဗြဟ္မာကြီးဦးခေါင်းဖြစ်နေခဲ့တာပါ။ အားလပ်ရက်သုံးလပတ်အတွင်းက အမြင့်မားဆုံးအမြတ်အစွန်းအတွက် ပျော်ရွှင်ခဲ့ကြရပေမယ့်၊ ဌာနခွဲကတော့ အနီရောင်အဆင့်သတ်မှတ်ချက်ထဲကနေ ရုန်းမထွက်နိုင်သေးတာပဲဖြစ်ပါတယ်။

ကာလကြာရှည် နစ်မွန်းနေခဲ့တဲ့ဒီဌာနကြောင့် ၂၀၂၀ ကုန်ဆုံးချိန်မှာ ခန့်မှန်းခြေ ကိုရီးယားဝမ် ဘီလီယံ ၈၀၀ (S732 million) ဝန်းကျင် အရှုံးပေါ်ခဲ့တယ်လို့ သိရပါတယ်။၂၀၁၅ ခုနှစ်ကစပြီး လုပ်ငန်းလည်ပတ်မှု စုစုပေါင်းဆုံးရှုံးမှုဟာ ကိုရီးယားဝမ် ၅ ထရီလီယံ ($4.5 billion) နီးပါးဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဆုံးရှုံးမှုတွေဟာ LG Rollable ရဲ့ အနာဂတ်ကိုပါ သက်ရောက်မှုရှိလာတာပဲ ဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့ မိုလ်ဘိုင်းဌာနကို ဆက်ပြီးထားရှိမယ်လို့ ဆုံးဖြတ်လိုက်ရင်တောင် LG Rollable ကို ဆက်မလုပ်တော့ဘဲ ရပ်တန့်လိုက်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ LG Wing ဟာ CES ဆန်းသစ်တီထွင်မှုဆုကို ဆွတ်ခူးခဲ့ဖူးပေမယ့် ဖြန့်ချိပြီးနောက်ပိုင်းမှာ ယူနစ်ပေါင်း ၁ သိန်းအောက်သာရောင်းချနိုင်ခဲ့ပြီး ဘဏ္ဍာရေးအရ အရှုံးပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဒီအချက်အလက်တွေက LG Rollable ရဲ့ အနာဂတ်ကို မရေရာမှုတွေဖြစ်ပေါ်စေတာပါပဲ။ အရင်းအနှီးကြီးလွန်းတဲ့ LG Rollable အနေနဲ့ LG Wing ထက်ပိုပြီးသာလွန်တဲ့အောင်မြင်မှုကိုရတယ်ဆိုရင်တောင် ဌာနတစ်ခုလုံးကို ထမ်းတင်နိုင်ပါ့မလားဆိုတဲ့သံသယမေးခွန်းအတွက် အဖြေတော့မရှိသေးပါဘူး။ အတွင်းလူအချို့ကတော့ LG အနေနဲ့ Rollable ကိုအကြောင်းပြုပြီး ဌာနရဲ့ ရောင်းဈေးကိုမြှင့်တင်မယ်လို့ ယုံကြည်နေပါတယ်။

Ref: GSM Arena