Apple ဟာ MacBook တွေနဲ့ iPad တွေမှာ LCD Display အစား Mini LED Display ကို ပြောင်းလဲအသုံးပြုမယ်ဆိုပြီး သတင်းတွေထွက်ရှိနေတာကြာပြီဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းတွေအရတော့ Apple ဟာ Mini LED Display တွေကို လာမယ့် iPad Pro အသစ်မှာ အသုံးပြုဖို့ သေချာသလောက်ဖြစ်နေပြီလို့ သိရပါတယ်။

ဘာကြောင့်လဲဆိုတော့ Apple ရဲ့ iPad Pro အသစ်အတွက် Mini LED Display တွေကို LG Display ကနေ ထောက်ပံ့ပေးသွားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာတာကြောင့်ဖြစ်ပါတယ်။ ယခုသတင်းဟာ သေချာသလောက်ဖြစ်နေတဲ့အတွက် လာမယ့်နှစ်အစောပိုင်းမှာ iPad Pro အသစ်ကိုလည်း မြင်တွေ့ရဖို့များနေပါပြီ။

တဖက်မှာတော့ Samsung ကနေ Mini LED ကိုအသုံးပြုထားတဲ့ TV တွေကို လာမယ့် ၂၀၂၁ ခုနှစ်မှာ မိတ်ဆက်သွားဖို့ရှိပြီး နောက်ပိုင်းမှာလည်း တခြားသော Product တွေမှာပါ အသုံးပြုလာမယ်လို့ ယူဆရပါတယ်။ Apple အနေနဲ့ကတော့ iPad Pro မှာ အရင်ဆုံးအသုံးပြုလာမှာဖြစ်ပြီး နောက်ပိုင်းမှာ MacBook နဲ့ iMac ကွန်ပျူတာတွေမှာပါ အသုံးပြုသွားမယ်လို့ ယူဆရပါတယ်။

Mini LED Display နည်းပညာဟာ လက်ရှိ OLED Display တွေလိုမျိုး Burn-in ပြဿနာကြုံတွေ့ရမှာမဟုတ်ပေမယ့် ထုတ်လုပ်မှုစရိတ်များပြားနေသေးတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လာမယ့်နှစ်ကစတင်ပြီးတော့ Mini LED Display စျေးကွက်ကပိုပြီး အောင်မြင်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။

Acer Digital Display Business ရဲ့ President ဖြစ်တဲ့ Victor Chien ရဲ့ ပြောကြားချက်အရတော့ လောလောဆယ်မှာ 27″ နဲ့အထက် Mini LED Display Monitor တွေရဲ့ လက်ရှိစျေးကွက်ပိုင်ဆိုင်မှုက ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းပဲရှိနေသေးတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာလည်း ထုတ်လုပ်မှုစရိတ်က လက်ရှိ LCD Display တွေထက် အဆများစွာမြင့်နေသေးတဲ့အတွက် Display Monitor စျေးကွက်မှာတော့ သိသိသာသာ Mini Display နည်းပညာက ရေပန်းစားလာဖို့ ခက်ခဲဦးမှာပါ။

Ref – Giz China