Samsung ရဲ့ Galaxy စမတ်ဖုန်းတွေနဲ့ပတ်သက်ရင် အိုလံပစ်အားကစားပြိုင်ပွဲအတွက် သီးသန့်ထုတ်တဲ့ Edition ဗားရှင်းတွေကလည်း စိတ်ဝင်တစား ပြောရမယ့် အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တောင်ကိုရီးယားကုမ္ပဏီကြီးရဲ့ Olympic Games Athlete Edition တွေဟာ ဒီဇိုင်းပိုင်းမှာ တမြတ်တနိုးနဲ့ သိမ်းထားချင်စရာတွေ ဖြစ်လေ့ရှိလို့ပါပဲ။

ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကြောင့် အိုလံပစ်ပြိုင်ပွဲရဲ့ အခြေအနေကလည်း စိုးရိမ်စရာဖြစ်နေပြီး၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီအနေနဲ့လည်း ပြိုင်ပွဲကြီးကို ရွှေ့ဆိုင်းဖို့၊ မရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ရခက်နေပုံပေါက်ပါတယ်။ ဒီမတိုင်ခင်တုန်းက အားလုံးစီစဉ်ထားတဲ့အတိုင်း Samsung ကလည်း အစဉ်အလာမပျက် Galaxy S20+ 5G Olympic Games Athlete Edition ထုတ်ထားတာ ဖြစ်ပါတယ်။

Galaxy S20+ ရဲ့ အိုလံပစ်ဗားရှင်းအကြောင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းလောက်ကတည်းက ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် ပကတိပြင်ပ ဓါတ်ပုံကတော့ အခုမှ ပေါ်ထွက်လာတာပါ။ ပကတိပြင်ပဓါတ်ပုံကလည်း ပြီးခဲ့တဲ့လတုန်းက Presentation လုပ်တုန်းက မြင်တွေ့ရတဲ့ ရုပ်ပုံတွေနဲ့ ထပ်တူပဲ ဖြစ်ပါတယ်။

Galaxy S20+ ရဲ့ အိုလံပစ်ဗားရှင်းဟာ ခပ်ပြေပြေရွှေရောင် ကိုယ်ထည်နဲ့ဖြစ်ပြီး အလယ်မှာ “docomo” လို့ ရိုက်နှိပ်ထားပါတယ်။ အောက်ဘက်ခြမ်းမှာတော့ “Galaxy” နဲ့ အိုလံပစ်ပြိုင်ပွဲကို ကိုယ်စားပြုတဲ့ “Tokyo 2020” နဲ့ အမှတ်တံဆိပ်ကိုလည်း ရိုက်နှိပ်ထားတာ တွေ့မြင်ရပါတယ်။ အော်ပရေတာ နာမည်မပါတဲ့ မျိုးကွဲလည်း ရှိလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Galaxy S20+ 5G အိုလံပစ်ဗားရှင်းဟာ မူလဗားရှင်းနဲ့ အစိတ်အပိုင်းတွေ အတူတူပဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ 6.7-inch QHD+ မျက်နှာပြင်၊ Punch-hole နဲ့ဖြစ်ပြီး 10MP selfie ကင်မရာ ပါဝင်ပါတယ်။ Snapdragon 865 Processor ကို 12GB of RAM နဲ့ တွဲထားပြီး သိုလှောင်မှုပမာဏက 128GB ဖြစ်ပါတယ်။

ကျောဘက်ကင်မရာတွေကတော့ 64MP အဓိကကင်မရာကို 12MP + 12MP + ToF ကင်မရာတွေနဲ့ တွဲဖက်ထားတာပဲ ဖြစ်ပါတယ်။ ဘက်ထရီပမာဏကလည်း 4,500mAh ဖြစ်ပြီး 25W အမြန်အားသွင်းစနစ်၊ 15W ကြိုးမဲ့အားသွင်းစနစ်တွေကို ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် 9W reverse wireless fast charging စနစ်ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။

Ref: Gizmochina