Apple ရဲ့ Battery ပြဿနာတွေကလည်း တစ်နှစ်နဲ့တစ်နှစ်မရိုးနိုင်လောက်အောင်ပါပဲ။ အရင်ကလည်း iPhone 7 မှာ Battery Life နည်းလို့ Battery Case ကိုထုတ်ရောင်းခဲ့ရသလို၊ iPhone အဟောင်းတွေကိုလည်း Battery နဲ့ပတ်သက်လို့ Processor တွေရဲ့ Speed တွေကို နှေးအောင်လုပ်ခဲ့ပါသေးတယ်။

အခုတစ်ခေါက်ကတော့ 2016 နောက်ပိုင်းမှာ Design အသစ်နဲ့ထုတ်လာခဲ့တဲ့ MacBook Pro တွေမှာ Battery နဲ့ပတ်သက်တဲ့ ပြဿနာတွေဖြစ်ပွားလာတာပါ။ 2016 နောက်ပိုင်း MacBook Pro 13 Inch တွေမှာ ပါတဲ့ Battery တွေဟာ ပွလာ၊ ဖေါင်းလာတဲ့ ပြဿနာမျိုးတွေရှိတာကြောင့် Apple အနေနဲ့ Battery တွေကို အသစ်ပြန်လဲပေးနေပါတယ်။

Battery နဲ့ပတ်သက်လို့ အခုလိုဖြစ်ပွားတဲ့ Model တွေကတော့ 2016 October လကနေ 2017 October လအတွင်းမှာ ထုတ်လုပ်ရောင်းချထားတဲ့ MacBook Pro 13 Inch Without Touch Bar Model တွေပါ။ Apple ကတော့ MacBook Pro အားလုံး အခုလိုဖြစ်တာမဟုတ်ပဲ အနည်းငယ်သာဖြစ်ပွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အကယ်လို့ သင့် MacBook Pro က အခုလိုပြဿနာရှိနေတယ်ဆိုရင်တော့ Apple က အခကြေးငွေမယူပဲ Battery အသစ်ပြန်လဲလှယ်ပေးမှာပဲဖြစ်ပါတယ်။ အခုလို Apple ကပြန်ပြင်ပေးခဲ့တာမျိုးက ဒါပထမဦးဆုံး အကြိမ်မဟုတ်ပါဘူး။ အရင်ကလည်း အခုလိုပြန်ပြင်ပေးခဲ့တာမျိုးတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ဆိုးဆိုးဝါးဝါးကြီး ဖြစ်သွားတာမျိုးတော့ မရှိခဲ့ပါဘူး။