Apple က iPad Pro မော်ဒယ်တွေအတွက် Magic Keyboard ကို ပြီးခဲ့တဲ့ ၁ လလောက်က ကြေညာခဲ့ပါတယ်။ အဲဒီ Keyboard ကို မူလက မေမှာ ရောင်းဖို့ စီစဉ်ခဲ့ပေမယ့် Apple က ဒီလ ၁၅ ရက်နေ့မှာ ရောင်းမယ်လို့ ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့ပါတယ်။

Apple ရဲ့ ကြေညာချက်က လွဲပြီး တခြား နေရာတွေမှာ အဲဒီ Keyboard ကို မမြင်ရသေးပါဘူး။ ပြင်ပ ကမ္ဘာမှာ အဲဒီ Keyboard ရဲ့ အလုပ်လုပ်ပုံနဲ့ ဒီဇိုင်း ဘယ်လို ရှိမလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ အခုတော့ ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာ၊ YouTuber နဲ့ Podcaster ဖြစ်သူ Tyler Stalman က အဲဒီ Magic Keyboard ကို လက်တွေ့ ကိုင်တွယ်စမ်းသပ်ပြတဲ့ ဗီဒီယို ၁ ခုကို သူ့ရဲ့ Channel မှာ တင်လိုက်ပါတယ်။

Magic Keyboard ဟာ Apple ကြေညာထားတဲ့အတိုင်း အရမ်းကို လှပြီး Full-sized Keyboard ဖြစ်ပါတယ်။ Case လိုပါ သုံးနိုင်တဲ့ Trackpad ထည့်သွင်းထားပါတယ်။ ခလုတ် အရွယ်အစားနဲ့ အကွာအဝေးက စာရိုက်ရင် သက်တောင့်သက်သာရှိစေပြီး iPad ရဲ့ Smart Keyboard ထက် ပိုကောင်းလာပါတယ်။ ခလုတ်တွေဟာ Backlit ဖြစ်တာကလည်း ကောင်းတဲ့အချက် ဖြစ်ပါတယ်။

Trackpad က နည်းနည်းသေးငယ်ပေမယ့် အလုပ်လုပ်ရင် တော်တော် အဆင်ပြေပါတယ်။ Full Gesture Support ပါတဲ့ Multi-touch Surface ဖြစ်ပြီး MacBooks တွေမှာလို Capacitive Haptic Panels မဟုတ်ဘဲ ထိတွေ့တာနဲ့ အလုပ်လုပ်တဲ့ Surface ဖြစ်ပါတယ်။ Keyboard မှာ အားသွင်းဖို့အတွက် USB-C Connector ပါလာတဲ့အတွက် iPad Pro က USB-C Port မှာ တခြား Accessory တွေ ပိုချိတ်ဆက်လာနိုင်မှာပါ။

Magic Keyboard ရဲ့ အကြီးမားဆုံး ပြဿနာက ဈေးပါ။ ၂၉၉ ဒေါ်လာ သတ်မှတ်ထားတဲ့အတွက် ဈေးတော်တော်ကြီးပြီး မြန်မာငွေ ၄ သိန်း ၂ သောင်းတောင် ရှိပါတယ်။ iPad Pro ရဲ့ ဈေးပါထည့်တွက်ရင် တော်တော်မြောက်သွားမှာပါ။

Ref : gsmarena