Marvel’s Avengers ဂိမ်းကို ကြိုတင်မှာယူထားတဲ့သူတွေဟာ လာမယ့် ဩဂုတ်လ ပထမသုံးပတ်ထဲမှာပဲ ဒီဂိမ်းကို စမ်းသပ်မြည်းစမ်းခွင့်ရတော့မှာဖြစ်ပါတယ်။ ဒီအခွင့်အရေးဟာ မတူညီတဲ့ ပလက်ဖောင်းတွေပေါ်ကို တစ်ဆင့်ချင်းစီ ရောက်ရှိလာမှာဖြစ်ပြီး ဩဂုတ် ၇ ရက်နေကနေ ၂၅ ရက်အတွင်း ဖြစ်ပါတယ်။

အားလုံးထဲမှာ အစောဆုံးရရှိမယ့်သူတွေကတော့ Sony PlayStation 4 ပေါ်ကနေ အကြိုမှာယူထားသူတွေပဲ ဖြစ်ပါတယ်။ Microsoft Xbox One နဲ့ PC သုံးစွဲသူတွေကတော့ တစ်ပတ်စီနောက်ကျပြီးမှ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

Beta Test ကာလမှာ ဆော့ကစားလိုသူတွေဟာ Square Enix မန်ဘာအကောင့်တွေရှိဖို့လည်း လိုအပ်ပါတယ်။ ထုတ်လုပ်သူတွေဖြစ်တဲ့ Square Enix နဲ့ Crystal Dynamics, Eidos-Montreal စတူဒီယိုတွေဟာ ဘီတာအဆင့်အတွက် သတ်မှတ်ရက်တွေကို အောက်ပါအတိုင်း ထုတ်ပြန်ပေးခဲ့ပါတယ်။

ဩဂုတ် ၇ – ၉ ရက်တွေမှာ Sony PS4 ပလက်ဖောင်းပေါ်က ကြိုတင်ဝယ်ယူထားသူတွေအတွက် အထူး အခွင့်အရေး အနေနဲ့ အရင်ဆုံးဆော့ကစားနိုင်မှာဖြစ်ပါတယ်။

ဩဂုတ် ၁၄ – ၁၆ မှာတော့ Microsoft Xbox နဲ့ PC ပေါ်မှာ ကြိုတင်မှာယူထားသူတွေအပြင် PS4 ကစားသူအားလုံးပါ Open Beta အဆင့်ကို ဝင်ကစားနိုင်မှာဖြစ်ပါတယ်။ ဒါဟာ PS4 ပိုင်ရှင်တွေအတွက် သိသိသာသာ အားသာချက် ရရှိနေတာပါပဲ။

ဩဂုတ် ၂၁ – ၂၅ မှာ နောက်ဆုံးအနေနဲ့ ရှိရှိသမျှ ပလက်ဖောင်းအားလုံးက ဂိမ်မာအားလုံး ဒီဂိမ်းကို ဝင်ရောက်စမ်းသပ် ကစားနိုင်မှာဖြစ်ပါတယ်။

Marvel’s Avengers ဂိမ်းကို ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့မှာ စတင်ဖြန့်ချိမှာဖြစ်ပြီး အထက်ပါ ပလက်ဖောင်းတွေအပြင် မျိုးဆက်သစ်ဂိမ်းစက် Sony PlayStation 5 နဲ့ Xbox Series X တို့မှာလည်း ဆော့ကစားနိုင်မှာပါ။

Ref – OneEsports