နာမည်ကျော်ချစ်ပ်ဆက် ထုတ်လုပ်သူ Intel ဟာ 5G ချစ်ပ် ထုတ်လုပ်မှုထဲကို ပါဝင်လာပြီ ဖြစ်ပေမယ့် ကိုယ်ပိုင်ထုတ်လုပ်သေးတာမဟုတ်ဘဲ MediaTek နဲ့ ပူးပေါင်းကာ သူ့ရဲ့ Laptop Processor တွေမှာ ထည့်သွင်း အသုံးပြုဖို့ 5G Modem နဲ့ ချစ်ပ်တွေကို ထုတ်လုပ်မှာပါ။

သူတို့ ပူးပေါင်းမှုဟာ အကောင်အထည်ပေါ်နေပြီဖြစ်ပြီး ပထမဆုံး ရလဒ်အနေနဲ့ T700 5G Modem ကို ထုတ်ဖော်လာခဲ့ပါတယ်။ ဒီ 5G Modem ဟာ MediaTek အတွက်လည်း Laptop များအတွက် ပထမဆုံး ထုတ်လုပ်တဲ့ 5G ထုတ်ကုန်ဖြစ်ပြီး လာမယ့် မျိုးဆက် Intel ချစ်ပ် အသုံးပြုထားတဲ့ ခရီးဆောင် ကွန်ပြူတာတွေမှာ စတင် တွေ့ရှိရမယ်လို့ မျှော်လင့်ရပါတယ်။

T700 ချစ်ပ်ဟာ Sub-6 5G နဲ့ လက်ရှိ LTE နက်ဝပ်ပေါ် မမှီခိုတော့တဲ့ Standalone 5G Call တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင် Non-standalone Sub-6 5G နက်ဝပ်တွေကိုလည်း ထောက်ပံ့ပေးပြီး စွမ်းအင် ချွေတာမှု အားသန်တယ်လို့ MediaTek က ဆိုပါတယ်။ ဒါကြောင့် 5G အင်တာနက် အသုံးပြုတာပဲ ဖြစ်ဖြစ် ဖုန်းခေါ်ဆိုတာပဲ ဖြစ်ဖြစ် ဘက္ထရီအား ကုန်လွယ်မှာ ပူစရာ မလိုပါဘူး။

လက်ရှိစျေးကွက်ထဲမှာ 5G ချိတ်ဆက်မှု ပါဝင်တဲ့ Laptop တွေ ရောက်နေပြီဖြစ်သော်လည်း အားလုံးက Qualcomm ရဲ့ 5G Modem တွေကို အသုံးပြုထားတာပါ။ စျေးပိုသက်သာတဲ့ MediaTek T700 ပေါ်ထွက်လာခြင်းက 5G Laptop တွေရဲ့ စျေးနှုန်းကို အပြိုင်အဆိုင် ဖြစ်လာစေဖို့ ဖိအားပေးလာမှာ သေချာပါတယ်။

Ref – GizmoChina