Meizu ဟာ လက်ရှိအချိန်မှာ Flagship ဖုန်းတွေဖြစ်တဲ့ Meizu 20 Series ကို တရားဝင်မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် Meizu ဟာ အခုအချိန်ကစတင်ပြီး စမတ်ဖုန်းစျေးကွက်ထဲကို ပြန်လည်ဝင်ရောက်လာပြီလို့ သတ်မှတ်ရမှာပါ။

အစောပိုင်းတုန်းက Meizu ကနေ ယခုနှစ်အတွင်းမှာ Foldable ဖုန်းအသစ်တစ်လုံးကိုပါ မိတ်ဆက်ဖို့ စီစဥ်ထားတယ်ဆိုပြီး ကြေညာထားခဲ့ပါတယ်။ အခုလည်း အဆိုပါ Meizu ရဲ့ ပထမဆုံး Foldable ဖုန်းအသစ်အကြောင်း သတင်းအချို့ကို Tipster တစ်ခုကနေ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဆိုပါ Tipster ကတော့ WHYLAB နာမည်နဲ့ Weibo အသုံးပြုသူတစ်ဦးဖြစ်ပြီး Meizu Foldable ဖုန်းကနေ ရယူထားတာလို့ ယူဆရတဲ့ Screenshot ဓါတ်ပုံကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဆိုပါ Screenshot အရ Meizu ဟာ 200MP Camera Sensor ပါဝင်တဲ့ Camera Setup ကို အသုံးပြုထားမှာပဲဖြစ်ပါတယ်။

ဒါပေမယ့် Meizu Foldable ဖုန်းမှာ ပါဝင်လာမယ့် 200MP Camera Sensor ဟာ ISOCELL HP1 Sensor အမျိုးအစားဖြစ်ပြီး လက်ရှိ Samsung Galaxy S23 Ultra ဖုန်းမှာ အသုံးပြုထားတဲ့ ISOCELL HP2 Sensor ရဲ့ အစောပိုင်း Generation ဖြစ်ပါတယ်။ ဒါကြောင့် Meizu Foldable ဖုန်းဟာ ပထမဆုံးသော 200MP Camera Sensor ပါတဲ့ Foldable ဖုန်းဖြစ်လာပေမယ့် Camera ပိုင်း စွမ်းဆောင်ရည်က ဘယ်လောက်ကောင်းမွန်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

ကျန်တဲ့ Meizu Foldable ဖုန်းနဲ့ ပတ်သက်တဲ့သတင်းတွေအပြင် ဘယ်လိုပုံစံမျိုးဖြစ်လာမလဲဆိုတာကို အတိအကျသိရှိရခြင်းမရှိသေးပေမယ့် ယခုနှစ်ကုန်ပိုင်းမှာ တရားဝင်မိတ်ဆက်သွားမယ်လို့ ခန့်မှန်းရပါတယ်။

Ref – Gizmo China