Foldable စမတ်ဖုန်းတွေဟာ အခုအချိန်မှာ ရေပန်းစားလာပြီး စမတ်ဖုန်းကုမ္ပဏီအများအပြားက Foldable ဖုန်းစျေးကွက်ထဲကို ဝင်ရောက်လာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းကပြုလုပ်ခဲ့တဲ့ MWC Event မှာ Tecno ကနေ ပထမဆုံး Phantom V Fold Foldable ဖုန်းအသစ်ကို မိတ်ဆက်ခဲ့သလို Google ၊ OnePlus တို့ကလည်း ယခုနှစ်အတွင်းမှာ ပထမဆုံးသော Foldable ဖုန်းတွေကို မိတ်ဆက်ဖို့ စီစဥ်ထားပြီးဖြစ်ပါတယ်။

အခုနောက်ဆုံးရရှိတဲ့သတင်းအရ အဆိုပါ Foldable ဖုန်းစျေးကွက်ထဲကို နောက်ထပ်စမတ်ဖုန်းကုမ္ပဏီတစ်ခုကလည်း ယခုနှစ်အတွင်း ဝင်ရောက်လာဖို့ရှိနေပါတယ်။ ဒါကတော့ တရုတ်နိုင်ငံတွင်း ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်တဲ့ Meizu ပဲဖြစ်ပါတယ်။

Meizu ရဲ့ Executive Vice President အဖြစ်တာဝန်ယူထားတဲ့ Huang Zhipan ကိုယ်တိုင်က Meizu ဟာ ယခု ၂၀၂၃ ခုနှစ်အကုန်ပိုင်းမှာ ပထမဆုံးသော Foldable ဖုန်းအသစ်ကို မိတ်ဆက်သွားမယ်ဆိုပြီး ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တခြားသောသတင်းအချက်အလက်တွေကို ပြောကြားခဲ့ခြင်းမရှိပါဘူး။

Meizu ဟာ ၂၀၂၁ ခုနှစ်တုန်းက Meizu 18 နာမည်နဲ့ Flagship ဖုန်းကို နောက်ဆုံးအနေနဲ့ မိတ်ဆက်ခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ စမတ်ဖုန်းအသစ်တွေကို တခြားဖုန်းကုမ္ပဏီတွေနဲ့ ယှဥ်ပြိုင်ပြီး ထုတ်လုပ်နိုင်ခြင်းမရှိခဲ့ဘူးလို့ သတ်မှတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယခုနှစ်မှာ Meizu 20 Flagship ဖုန်းအသစ်နဲ့ စျေးကွက်အတွင်းကို ပြန်လည်ဝင်ရောက်ဖို့ ပြင်ဆင်နေတာပဲဖြစ်ပါတယ်။

အဆိုပါ Meizu 20 Series ဖုန်းတွေမှာ Meizu 20 နဲ့ Meizu 20 Pro နာမည်နဲ့ ဖုန်းအမျိုးအစား ၂ မျိုး မိတ်ဆက်သွားမယ်လို့ သိရပြီး Flagship Snapdragon 8 Gen 2 Chipset ၊ 12GB RAM ၊ 512GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Meizu 20 Pro ဖုန်းမှာ 10-bit Samsung E6 LTPO AMOLED Display ၊ 1440p Resolution ကို 120Hz Refresh Rate တွေထောက်ပံ့ထားမယ်လို့ သိရပါတယ်။ Battery ပိုင်းမှာလည်း 5000mAh Battery ပါဝင်လာမယ့်အပြင် 80W Wired Fast Charging နဲ့ 50W Wireless Fast Charging နည်းပညာတွေ ပါဝင်လာမှာပါ။

Ref – Gizmo China