Facebook အပါအဝင် တခြားသော Social Media Service တွေရဲ့ ပိုင်ရှင်ဖြစ်တဲ့ Meta ကုမ္ပဏီဟာ အခုနောက်ပိုင်းမှာ ပုံမှန် Social Media ကနေ Metaverse ဘက်ကို အာရုံစိုက်ပြီးဆောင်ရွက်နေပြီဖြစ်ပါတယ်။

အခုလည်း Meta ကုမ္ပဏီကနေ အဆိုပါ Metaverse အတွက် လိုအပ်တဲ့ VR Headset တွေကို လာမယ့် ၂၀၂၄ ခုနှစ်မတိုင်ခင်အထိ နောက်ထပ် အသစ် ၄ မျိုး မိတ်ဆက်သွားဖို့ရှိနေတယ်ဆိုပြီး သတင်းထွက်ပေါ်လာခဲ့ပါတယ်။ Facebook ကနေ Meta ဆိုပြီး နာမည်မပြောင်းလဲခင်တုန်းက Oculus Quest Series VR Headset ကို ထုတ်လုပ်နေပြီးတော့ အခုအချိန်မှာတော့ Meta Quest ဆိုတဲ့ နာမည်နဲ့ ပြောင်းလဲပြီး VR Headset တွေကို ထုတ်လုပ်နေတာကြောင့် နောက်ပိုင်းမိတ်ဆက်သွားမယ့် VR Headset တွေကလည်း Meta နာမည်အောက်ကနေပဲ ထွက်ရှိလာမှာဖြစ်ပါတယ်။

ပထမဆုံးမိတ်ဆက်လာမယ့် VR Headset ကတော့ High End VR Headset တစ်ခုဖြစ်လာမှာဖြစ်ပြီး Project Cambria လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။ အဆိုပါ VR Headset ဟာ ၇၉၉ ဒေါ်လာဝန်းကျင် (မြန်မာငွေ ၁၆ သိန်းဝန်းကျင်) ကျသင့်နိုင်ပြီး လာမယ့် စက်တင်ဘာလအတွင်းမှာ မိတ်ဆက်သွားဖို့စီစဥ်ထားတာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ၂၀၂၄ ခုနှစ်အတွင်းမှာ အဆိုပါ Project Cambria ရဲ့ မျိုးဆက်သစ်ဖြစ်လာမယ့် Codename Funston နာမည်နဲ့ High End VR Headset ကို ထပ်မံမိတ်ဆက်မယ်လို့ သိရပါတယ်။ အဆိုပါ High End VR Headset ၂ မျိုးအပြင် Meta ကနေ စျေးနှုန်းသက်သာတဲ့ Quest VR Headset ၂ မျိုးကိုလည်း ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ မိတ်ဆက်သွားဖို့ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ Metaverse ဟာ ယခုထက်ပိုပြီး အောင်မြင်လာမယ်ဆိုရင် တခြားသော Third Party VR Headset တွေလည်း ထွက်ရှိလာနိုင်ပြီး အခုထက်ပိုပြီး ရေပန်းစားလာဖွယ်ရှိနေပါတယ်။

Ref – CNet