Xiaomi ကနေထုတ်ထားတဲ့စမတ်ဖုန်းတွေအကုန်လုံးနီးပါးမှာ အသုံးပြုနေတဲ့ MIUI ဟာဆိုရင် အခုအချိန်မှာ MIUI 11 အထိရောက်ရှိနေပြီဖြစ်ပါတယ်။ မကြာခင်မှာလည်း Xiaomi ကနေ MIUI 12 ကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

Xiaomi ကနေ လောလောဆယ်မှာ MIUI 11 Beta Update တွေကို ရပ်ဆိုင်းထားသလို MIUI System Setting တွေဖြစ်တဲ့ Mi Settings နဲ့ MIUI Themes တွေမှာလည်း MIUI 12 ကို မိတ်ဆက်တော့မယ်ဆိုပြီး ဖော်ပြနေပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် လာမယ့် ဧပြီလကုန်ပိုင်းမှာ MIUI 12 ကို မိတ်ဆက်သွားဖို့က သေချာသလောက်ကိုဖြစ်နေပါပြီ။

Xiaomi ဟာ MIUI ကို လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ထဲက စတင်မိတ်ဆက်ခဲ့တဲ့အတွက် အခု MIUI 12 ဟာ MIUI ရဲ့ ၁၀ နှစ်ပြည့် MIUI Version တစ်ခုလည်းဖြစ်လာမှာပါ။ အဲ့ဒီအတွက် MIUI အသုံးပြုနေတဲ့သူတွေကလည်း ကြီးမားတဲ့အပြောင်းအလဲတွေကို မိတ်ဆက်လာနိုင်တယ်ဆိုပြီး ခန့်မှန်းနေကြပါတယ်။

Xiaomi ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ MIUI 12 ကို Develop ပြုလုပ်နေတယ်ဆိုတာကို အတည်ပြုခဲ့ပေမယ့် ဘယ်လိုမျိုး Feature ပြောင်းလဲမှုတွေပါဝင်လာမလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိသေးပါဘူး။ ဖြစ်နိုင်တာကတော့ MIUI Theme အပါအဝင် Setting ပိုင်းတွေကိုပါ လုံးဝနီးပါး ပြန်လည်အသစ်ပြင်ဆင်လာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် လောလောဆယ်ထွက်ရှိနေတဲ့သတင်းတွေအရ Xiaomi ကနေ MIUI 12 ကို တရုတ်နိုင်ငံမှာ Redmi Note 9 စမတ်ဖုန်းတွေမိတ်ဆက်လာမယ့်အချိန်မှာပဲ အတူမိတ်ဆက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။ Redmi Note 9 စမတ်ဖုန်းဟာ MediaTek Dimensity 800 Chipset ကိုအသုံးပြုလာမှာဖြစ်သလို 5G ကိုလည်း Support ပြုလုပ်မှာဖြစ်ပါတယ်။

Ref – Gizmo China