Apple ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက iPhone 13 Series ဖုန်းအသစ်တွေကို မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။ အဆိုပါ iPhone 13 Series ဟာ Design ပိုင်းပြောင်းလဲမှုအများအပြားမရှိခဲ့ပေမယ့် Camera ပိုင်းနဲ့ Battery ပိုင်းအဆင့်မြှင့်တင်ထားခဲ့တာကြောင့် ရောင်းအားကောင်းနေတာဖြစ်ပါတယ်။

အခုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ခရစ်စမတ်ကာလ အားလပ်ရက်အတွင်းမှာ Apple ကနေ iPhone 13 Series ဖုန်းတွေရဲ့ ရောင်းအားကို သိရှိခဲ့ရပြီဖြစ်ပါတယ်။ အဆိုပါသတင်းကိုတော့ Analyst တစ်ဦးဖြစ်တဲ့ Wedbush မှ Daniel Ives ကနေ PhoneArena မှတစ်ဆင့် ဖော်ပြခဲ့တာပါ။

ဒီလိုမျိုး ထုတ်ပြန်ချက်အရ Apple ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း အားလပ်ရက်အတွင်းမှာတင် iPhone 13 Series အလုံးရေ သန်း ၄၀ ကျော်ရောင်းချခဲ့ရတာဖြစ်ပါတယ်။ ဒီရလဒ်ဟာ Apple အတွက်တော့ အလွန်ကောင်းမွန်တဲ့ရလဒ်တစ်ခုဖြစ်ပြီး လက်ရှိအချိန်မှာ iPhone 13 Series ဖုန်းတွေက ခန့်မှန်းထားတဲ့ပမာဏကိုတောင် ကျော်လွန်ပြီး ရောင်းချနေရတာပါ။

Analyst တွေရဲ့ သုံးသပ်ချက်အရတော့ Apple iPhone 13 Series ဖုန်းတွေဟာ ယခု ၂၀၂၂ ခုနှစ်မှာလည်း ပိုပြီး ရောင်းအားကောင်းလာမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတုန်းက ဝယ်လိုအားမြင့်မားတဲ့အတွက် လိုအပ်တဲ့ထုတ်လုပ်မှုပိုင်းကို လုံလောက်အောင် မဖြည့်ဆည်းနိုင်တာမျိုး ရှိခဲ့ပေမယ့် ၂၀၂၂ ခုနှစ်အတွင်းမှာတော့ အဆင်ပြေသွားမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး ရောင်းအားတွေအလွန်ကောင်းမွန်နေတာကြောင့် Apple ဟာ လက်ရှိအချိန်မှာ စျေးကွက်တန်ဖိုး ဒေါ်လာ ၃ ထရီလီယံကို ကျော်လွန်သွားတဲ့ ကုမ္ပဏီတစ်ခုဖြစ်လာပြီဖြစ်ပါတယ်။

Ref – Gizmo China