Motorola က ဒီနှစ်ထဲမှာ စမတ်ဖုန်း အသစ်တွေ သိပ်မထုတ်ဘဲ ငြိမ်နေပါတယ်။ ဒါပေမယ့် Moto E7 နဲ့ E7 Plus ကို မကြာခင် ကြေညာတော့မှာ ဖြစ်ပြီး အဲဒီဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။

E7 ကို စပိန် စတိုးမှာ တွေ့မြင်ခဲ့ကြရပြီး ဖြစ်ပြီး ၁၄၈.၀၇ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂ သိန်း ၄ သောင်းလောက် ကျသင့်မှာ ဖြစ်ပြီး တခြား ဥရောပနိုင်ငံတွေမှာလည်း အဲဒီဈေးလောက်နဲ့ ရောင်းချနိုင်ပါတယ်။ အဲဒီမှာ ဖုန်းရဲ့ မော်ဒယ်နံပါတ်ကို ဖော်ပြထားပြီး FCC မှာလည်း အဲဒီ ဖုန်းကို မှတ်ပုံတင်ထားပါတယ်။

ပုံကြမ်းအရ အနောက်ဘက်မှာ ကင်မရာ ၂ လုံး သို့မဟုတ် ၃ လုံး ထည့်သွင်းထားနိုင်ပြီး ကင်မရာတွေရဲ့အောက်က Moto Logo မှာ  လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။ FCC က စာရင်းအရ E7 မှာ 5000mAh ဘက်ထရီ ထည့်သွင်းထားမှာ ဖြစ်ပြီး TUV Rheinland မှာ 10W Charger ပါမယ်လို့ ဖော်ပြထားပါတယ်။

ကနေဒါ Carrier ၁ ခုက E7 ကို ဇူလိုင်လမှာ စာရင်းတင်ထားပြီး အရွယ်သေး Notch တပ်ဆင်ထားမှာပါ။ 4GB RAM နဲ့ 64GB Storage ပါတဲ့ Version ၁ မျိုးထုတ်လုပ်ထားမှာ ဖြစ်ပြီး အခြေခံမော်ဒယ်ဟာ 2/32GB ဖြစ်ပါတယ်။ Chipset က Snapdragon 460 or 632 ဖြစ်နိုင်ပြီး မျက်နှာပြင်က ၆.၂ လက်မ 720x1520p ဖြစ်နိုင်ပါတယ်။မကြာခင်မှာ Moto E7 ကို တရားဝင် ကြေညာတော့မှာပါ။

Ref : gsmarena