Motorola ရဲ့ Foldable စမတ်ဖုန်း RAZR ဟာ လက်ရှိမှာ ဈေးကွက်ထဲ ရောက်ရှိနေပြီးသားဖြစ်ကာ ဒေါ်လာ ၁၅၀၀ (မြန်မာငွေ ၂၁ သိန်းကျော်) ကျသင့်တဲ့ ဟန်းဆက်ကို Noir Black ကာလာတစ်မျိုးထဲနဲ့သာ ရရှိနိုင်ပါသေးတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့အပတ်က ရွှေရောင်ကာလာနဲ့ RAZR ဖုန်းတစ်လုံး စတင် Leak ဖြစ်လာခဲ့ပြီး ပရိသတ်တွေအတွက် ရွေးချယ်စရာတစ်ခု ပိုတိုးလာတော့မယ်လို့ ယူဆခဲ့ကြပါတယ်။ ဒီနေ့မှာတော့ Motorola က အဆိုပါ သတင်းကို အတည်ပြုလိုက်ပြီး လာမယ့်နွေဦးရာသီ (Q2 ကာလ) မှာ ဈေးကွက်ထဲရောက်ရှိမယ်လို့ ပြောလိုက်ပါတယ်။

Blush Gold ဗားရှင်းရဲ့ Render တွေကိုတော့ အွန်လိုင်းပေါ်မှာ တွေ့ခဲ့ကြပြီးသားပါ။ ဒီဗားရှင်းမှာ ဖုန်းရဲ့ အောက်ဘက်အခြမ်းကို ရွှေရောင်ဆေးချယ်ထားပါတယ်။ ခေါက်ချိုးလိုက်ရင် Chin နေရာမှာရှိတဲ့ Fingerprint နဲ့ အစိတ်အပိုင်းကိုလည်း ရွှေရောင်ပဲ ချယ်ထားသလို နောက်ဘက်ကင်မရာဘေးမှာလည်း ရွှေရောင် Ring လေးတစ်ခုရှိတယ်။

ကာလာပြောင်းသွားပေမယ့် Specs နဲ့ ဈေးနှုန်းကတော့ Noir Black ဗားရှင်းနဲ့ ကွာခြားမှုရှိမှာမဟုတ်ဘူး။ ဒါ့ကြောင့် 6.2” လက်မ FHD+ Display နဲ့ 2.7” လက်မ Secondary Display တို့ကို ပြန်မြင်တွေ့ရမယ်။ Snapdragon 710 ချစ်ပ်ဆက်၊ 6GB RAM နဲ့ 128GB Storage တို့လည်း ပြန်ပါလာမှာပါ။

Motorola ဟာ RAZR ကို စစချင်း Android 9 Pie နဲ့ပဲ တင်ပို့ခဲ့တယ်။ Blush Gold ထွက်လာမယ့်အချိန်လောက်မှာ Android 10 ကိုပြောင်းဖို့ အသင့်ဖြစ်နေဖို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် RAZR 5G ဗားရှင်းလည်း ထွက်လာဦးမှာဖြစ်ပြီး 5G မှာတော့ ချစ်ပ်ဆက်နဲ့ ဘက္ထရီအပါအဝင် Specs တွေ ပြောင်းလဲလာမှာဖြစ်ပါတယ်။

Ref – Gizmo China