Motorola ကုမ္ပဏီဟာ လာမယ့် ဧပြီလ ၂၂ ရက်နေ့မှာ “Motorola Flagship Launch E-vent” ကို ကျင်းပမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒီပွဲမှာတော့ သတင်းထွက်နေတာ အနည်းငယ်ကြာပြီဖြစ်တဲ့ Motorola Edg+ 5G စမတ်ဖုန်းကို တွေ့ရတော့မှာပါ။

Motorola Edge+ 5G စမတ်ဖုန်းကို MWC 2020 ပွဲမှာ မြင်ရမယ်လို့ မျှော်လင့်ခဲ့ပေမယ့် MWC ပွဲကို ဖျက်သိမ်းလိုက်ရတဲ့အတွက် ခုလိုကြန့်ကြာသွားတာဖြစ်ပါတယ်။ အခုတော့ မိတ်ဆက်ရက်ကို အတည်ပြုလာခဲ့ပါပြီ။

ဒီဖုန်းရဲ့ Render ကိုတော့ မကြာသေးခင်ကပဲ မြင်တွေ့ခဲ့ရပြီးပါပြီ။ နာမည်နဲ့လိုက်အောင် သူကမှာ Screen-to-body အချိုးမြင့်မားတဲ့ Dual-curved Display ပါဝင်ပြီး ဆဲလ်ဖီကင်မရာကိုလည်း Punch-hole နဲ့ထည့်သွင်းလာပါတယ်။ နောက်ဘက်မှာ ဒေါင်လိုက်စီထားတဲ့ Triple-camera ကိုမြင်တွေ့ရပြီး 108MP အဓိကကင်မရာ၊ 16MP Ultrawide နဲ့ 8MP Telephoto Lens တွေပါဝင်မယ်လို့ဆိုထားပါတယ်။

Geekbench ဖော်ပြချက်အရတော့ Motorola Edge+ မှာ နောက်ဆုံးပေါ် Snapdragon 865 ချစ်ပ်ဆက်ပါဝင်ပြီး 5G Mode နှစ်မျိုးလုံး အသုံးပြုနိုင်မယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် 12GB RAM မန်မိုရီနဲ့ 5,000 mAh ဘက္ထရီတို့လည်း ပါဝင်ကြောင်း ဖော်ပြထားပါတယ်။

Flagship ဈေးကွက်ကိုယှဉ်ဖို့ ဝင်လာမယ့် Motorola Edge+ အပြင် Specs အနည်းငယ်လျော့ချထားတဲ့ ဗားရှင်းတစ်ခုကိုလည်း တွေ့ရမယ်လို့ သတင်းထွက်နေပါတယ်။ အဆိုပါဟန်းဆက်ကိုလည်း ၂၂ ရက်နေ့မှာပဲ တစ်ခါတည်း ပွဲထုတ်လာနိုင်ပါတယ်။

Ref – Playful Droid