Motorola ရဲ့ ဒုတိယမျိုးဆက် Foldable စမတ်ဖုန်း ဖြစ်တဲ့ Motorola Razr 2 ကို စက်တင်ဘာလမှာ ကြေညာမယ်လို့ ထင်ရပါတယ်။ Motorola က အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ထုတ်ဖော်ပြောကြားတာ မရှိသေးပါဘူး။ အခုတော့ Motorola Razr 2 မှာ အရင်မျိုးဆက်ထက် ပိုကြီးတဲ့ မျက်နှာပြင် ပါလာမယ်လို့ သတင်းထွက်လာပါတယ်။

Display Supply Chain Consultants’ (DSCC) ရဲ့ စီအီးအို ဖြစ်သူ Ross Young က Razr 2 မှာ ၆.၇ လက်မ ပင်မ မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး ပထမမျိုးဆက် Razr ထက် ၀.၅ လက်မ ပိုကြီးသွားမယ်လို့ ပြောပါတယ်။ Young က Razr 2 ရဲ့ အပြင်ဘက်က အပိုမျက်နှာပြင်ဟာလည်း ပထမမျိုးဆက်ထက် ပိုကြီးလာမယ်လို့ ပြောပေမယ့် မျက်နှာပြင် အရွယ်အစားကို မပြောပါဘူး။

လက်ရှိ ရောင်းထားတဲ့ Razr ရဲ့ အပို မျက်နှာပြင်ဟာ ၂.၇ လက်မ ဖြစ်ပြီး Motorola က အသုံးပြုလို့ပိုကောင်းအောင် ပိုကြီးတဲ့ မျက်နှာပြင် ထည့်သွင်းချင်နေပါတယ်။ Motorola Razr မှာ 5G မပါပေမယ့် Razr 2 မှာ 5G ထောက်ပံ့ထားမယ်လို့ သတင်းထွက်နေပါတယ်။ မျိုးဆက်သစ်မှာ 5G ပါတဲ့ Snapdragon 765 SoC မောင်းနှင်ထားနိုင်ပါတယ်။

တခြား ထွက်ပေါ်နေတဲ့ သတင်းတွေအရ Razr 2 မှာ 8GB RAM နဲ့ 256GB Storage ပါလာမှာ ဖြစ်ပြီး Android 10 မောင်းနှင်ထားမှာပါ။ 48MP Main ကင်မရာနဲ့ 20MP Selfie ကင်မရာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Ref : gsmarena