လက်ကောက်ဝတ်နာကျင်မှုကို လျော့ချပေးမယ့် ဒေါင်လိုက် မောက်စ်

ယနေ့ လူတွေ ကွန်ပျူတာမောက်စ်ကို ကိုင်တွယ်ရတဲ့ ပုံစံဟာ မှားယွင်းမှု ရှိကောင်း ရှိနေနိုင်ပါတယ်။ မောက်စ်ကို အတင်းဆုတ်ကိုင်ပြီး အသုံးပြုရင်ပဲဖြစ်ဖြစ်၊ ကိုင်ထားတဲ့ လက်ကောက်ဝတ်အနေအထား မမှန်ရင်ပဲ ဖြစ်ဖြစ် နာကျင်ညောင်းညာမှု ခံစားရတယ်ဆိုတာ မရှားပါဘူး။ နာမည်ရ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Logitech ဟာ ဒီကဏ္ဍကို နှစ်ပေါင်းများစွာ သုတေသနလုပ်လာခဲ့ပြီး မကြာသေးခင်ကမှ အောက်ခြေမှာ Trackball ဘောလုံး ပြန်ပါလာတဲ့ မောက်စ်အသစ်ကို ထုတ်လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ လုံးဝကွဲပြားတဲ့ ကမ္ဘာ့ ပထမဆုံး ဒေါင်လိုက် ‘Vertical Mouse’ ကို တီထွင်ထုတ်လုပ်လိုက်ပါပြီ။

 

MX Vertical လို့ ရိုးရိုးရှင်းရှင်း နာမည်ပေးထားတဲ့ ဒီမောက်စ်ဟာ ရိုးရိုးမောက်စ်တစ်ခုကို ဘေးတိုက်လှန်ပြီး ပလတ်စတစ်အောက်ခံပေါ်မှာ တင်ထားသလိုပါပဲ။ ပုံမှန်အနေအထား မဟုတ်တာ အသေအချာပါ။ ဒါပေမယ့် ယခု ဒီဇိုင်းဟာ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတာ ဖြစ်ပြီး လက်နဲ့ကိုင်တွယ်မယ်ဆိုရင် လက်ကောက်ဝတ်ကို အများကြီးလှည့်စရာမလိုဘဲ လက်ချောင်းတွေက မောက်စ်ပေါ် သဘာဝကျကျ အနေအထားနဲ့ ရောက်သွားကာ လက်မောင်းတစ်ခုလုံး ရှေ့ကိုဆန့်တန်းလာတဲ့ အနေအထားနဲ့ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် လက်ကောက်ဝတ်အား တစ်ခုတည်းနဲ့ အသုံးပြုရတာ မဟုတ်တော့ပါဘူး။ Logitech ကတော့ သူတို့ရဲ့ ၅၇ ဒီဂရီ စောင်းထားတဲ့ MX Vertical ဟာ ပုံမှန်လက်ဆွဲနှုတ်ဆက်တဲ့ လက်အနေအထားအတိုင်း ရှိနေဖို့ ရည်ရွယ်ထားပြီး ကိုင်တွယ်ရတာကို အားစိုက်စရာလိုတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

စမ်းသပ်သုံးစွဲသူတွေကတော့ MX Vertical ရဲ့ ဒီဇိုင်းဟာ အင်တာနက်အသုံးပြုတာ၊ ဖိုင်တွေ အကူးအပြောင်းလုပ်တာ စသဖြင့် လုပ်ငန်းတွေမှာ ပိုသက်သာစွာအသုံးပြုနိုင်ပေမယ့် First-Person Shooter လို ဂိမ်းတွေ ကစားခြင်းမှာတော့ အနှောင့်အယှက်ဖြစ်ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သုံးစွဲသူ ၅၂ ယောက် ပါဝင်တဲ့ စမ်းသပ်မှုစစ်တမ်းမှာတော့ ဒီမောက်စ်ကို အသုံးပြုခြင်းက လက်ကောက်ဝတ်နဲ့ လက်ဖျံတွေ သက်တောင့်သက်သာ ပိုရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

MX Vertical မှာ 4000 DPI ဆင်ဆာစနစ် ပါဝင်တဲ့အတွက် သာမာန်မောက်စ်တစ်ခုထက် လေးဆနီးပါး ပိုသွက်လက်ပြီး DPI Sensitivity ချိန်ညှိချင်ရင်လဲ မောက်စ်ရဲ့ ထိပ်မှာပါတဲ့ ခလုတ်ကနေ တိုက်ရိုက် ထိန်းညှိနိုင်မှာပါ။ အဲဒါကတော့ သိပ်ပြီး သက်တောင့်သက်သာရှိမှာ မဟုတ်ပေမယ့် အမြဲတမ်းသုံးနေကြ ခလုတ် တစ်ခုတော့ မဟုတ်ပါဘူး။ လက်ရှိမှာ ညာဘက်လက်နဲ့ အသုံးပြုသူတွေအတွက်သာ ဒီဇိုင်းထုတ်ထားသေးတဲ့ MX Vertical ဟာ Logitech ရဲ့ ဝက်ဆိုက်တွေပေါ် ရောက်နေပြီဖြစ်ပြီး လာမယ့်လထဲမှာ ဈေးကွက်ထဲကို ရောက်လာတော့မှာပါ။