၂၀၁၇ ခုနှစ်မှ စတင်ကာ ကမ္ဘာတစ်ဝှမ်းရှိ Esports လောကကို ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စီစဉ်ကျင်းပလျက်ရှိသည့် Mobile Legends: Bang Bang Professional League သည် ယခုနှစ် ၂၀၂၀ အထိ သုံးကြိမ်တိုင်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါသည်။ MPL-MM S4 ပွဲစဉ်များအား ၂၀၂၀ ခုနှစ် ဧပြီလတွင် Covid-19 အကြပ်အတည်းကြောင့် နောက်ဆုတ်ခဲ့ရသော်လည်း ယခုအခါတွင် Moonton မှ ပုံမှန်ပွဲစဉ်များကို မေလ ၁၆ ရက် ၂၀၂၀ ခုနှစ်မှစ၍ ဇွန်လ ၇ ရက် ၂၀၂၀ ခုနှစ်အထိ ပြန်လည်ကျင်းပသွားမည်ဖြစ်ပြီး Grand Final ပွဲကို ဇွန်လ ၂၀ရက်နှင့် ၂၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ပြန်လည်ပြင်ဆင်ထားသော ပွဲစဉ်အချိန်များနှင့် ပတ်သက်ပြီး Moonton ၏ Esports Director ဖြစ်သူ Lucas Mao မှ “ ကျွန်တော်တို့အနေနဲ့ ဒီပြိုင်ပွဲကြီးမှာ ပါဝင်ကြသူများအားလုံးရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် ဂရုတစိုက် စီစဉ်ဆောင်ရွက်ထားပြီး ကျွန်တော်တို့နှစ်သက်တဲ့ ဂိမ်းကို တာဝန်သိတတ်စွာနဲ့ ပျော်ပျော်ရွှင်ရွှင် ပြန်လည်ကစားလိုပါတယ်။ အခု ပြန်လည်ရေးဆွဲထားတဲ့ ပွဲစဉ်အချိန်ဇယားကတော့ ၂၀၂၀ ခုနှစ် လိဂ်ပြိုင်ပွဲကြီးမှာ ပါဝင်ကြမယ့် ကစားသမားတွေ၊ ဝန်ထမ်းတွေ နဲ့ အားပေးကြမယ့် ပရိတ်သတ်တွေ ရဲ့ ကျန်းမာရေး ကို ထည့်သွင်းစဉ်းစားပြီး စီစဉ်ထားတာဖြစ်တဲ့အတွက် ဒီနှစ်ပြိုင်ပွဲ ရဲ့ ထူးခြားမှုကိုလည်း ဆက်လက် ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ပွဲစဉ်အချိန်ဇယားအသစ် ရေးဆွဲတဲ့နေရာမှာ ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ လမ်းညွှန်ချက်တွေကို တိကျစွာလိုက်နာသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိတ်သတ်အားလုံး နဲ့ မိတ်ဖက်တွေအားလုံးကိုလည်း ဒီ Season ကို အမှတ်တရရှိနေစေဖို့ ကျွန်တော်တို့နဲ့အတူ အားအင်အပြည့်နဲ့ ပါဝင်အားပေးကြဖို့ မျှော်လင့်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

MPL-MM S4 သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် လူကြိုက်အများဆုံး Mobile Legends: Bang Bang Esports ဂိမ်းပြိုင်ပွဲဖြစ်ပြီး ပရောဖက်ရှင်နယ် ကစားသမားများအနေဖြင့်လည်း အဆိုပါပြိုင်ပွဲမှ တစ်ဆင့် ၎င်းတို့၏ ကျွမ်းကျင်မှုအား နိုင်ငံအဆင့်သို့ ထုတ်ဖော်ပြသနိုင်မည် ဖြစ်သည်။ အဆိုပါ လိဂ်ပြိုင်ပွဲတွင် ဆုကြေးငွေစုစုပေါင်း အမေရိကန် ဒေါ်လာ ၅၀,၀၀၀ကျော် ပေးအပ်သွားမည်ဖြစ်ပြီး ချန်ပီယံဆု ရရှိသော အသင်းအား အမေရိကန် ဒေါ်လာ ၁၃,၀၀၀ နှင့် ဒုတိယ နှင့် တတိယ ရရှိသွားသော အသင်းများအား အမေရိကန်ဒေါ်လာ ၆,၀၀၀ နှင့် အမေရိကန် ၃,၀၀၀ အသီးသီးပေးအပ်သွားမည် ဖြစ်သည်။

Source – Moonton