၂၀၂၀ ရဲ့ အကြီးဆုံးနည်းပညာပြပွဲကြီးတစ်ခုဖြစ်တဲ့ MWC 2020 ကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပျက်သွားခဲ့ပါပြီ။ ဒီပွဲမှာ အမိုက်စားထုတ်ကုန်သစ်တွေကို ပြလိုက်မယ်လို့ အားခဲထားတဲ့ စမတ်ဖုန်းကုမ္ပဏီတွေနဲ့ စောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက်တော့ စိတ်မကောင်းစရာပါပဲ။

တစ်နေရာတည်းမှာ ထုတ်ကုန်သစ်အားလုံးကို ကြည့်ရှုနိုင်ဖို့ကတော့ မဖြစ်နိုင်တော့ပြီမို့ စမတ်ဖုန်းကုမ္ပဏီတွေက သူတို့ရဲ့ ထုတ်ကုန်အသစ်အဆန်းတွေကို ဘယ်လိုစီစဉ်လိုက်ကြသလဲဆိုတာ သိရသလောက် ဖော်ပြပေးပါရစေ။

Sony Xperia 1.1, 5 Plus (ဖေဖော်ဝါရီ ၂၄)

Sony ရဲ့ Flagship အသစ်နဲ့ Mid-range ဟန်းဆက်တွေဟာ ကြိုတင်စီစဉ်ထားတဲ့အတိုင်း ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာပဲ ဘာစီလိုနာက ပြပွဲအစား အွန်လိုင်းကနေ Live Stream နဲ့ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ Xperia 1.1 နဲ့ Xperia 5 Plus တို့ဟာ 64MP အဓိက ကင်မရာတွေနဲ့ သိသာစွာ တိုးမြှင့်ထားတဲ့ ကင်မရာစွမ်းရည်ကို ယူဆောင်လာမှာပါ။ ဒါ့အပြင် Sony ရဲ့ ပထမဆုံး 5G ဟန်းဆက်ကိုလည်း မျှော်လင့်ထားပါတယ်။ Xperia 9 အမည်နဲ့ Mid-range ဖုန်းမှာ Snapdragon 765 ချစ်ပ်ဆက်ကျေးဇူးနဲ့ 5G ယူဆောင်လာဦးမယ်လို့ ယူဆရပါတယ်။

Oppo Find X2 (မတ်လ)

Oppo ဟာ Snapdragon 865 အသုံးပြု 120Hz Display နဲ့ 65W Fast Charging စနစ်သစ်တို့ ပါဝင်တဲ့ Find X2 စမတ်ဖုန်းကို မိတ်ဆက်လာရမှာပါ။ သူ့မှာ Under-display ဆဲလ်ဖီကင်မရာပါလာဖို့ သတင်းထွက်သေးပေမယ့် နည်းပညာ အသင့်မဖြစ်သေးတာကြောင့် Punch-hole ဒီဇိုင်းကိုသာ သုံးလာမှာဖြစ်ပါတယ်။ အခုတော့ Find X2 ကို မတ်လအတွင်း တစ်ချိန်ချိန်မှာပဲ တွေ့ရတော့မှာပါ။

Realme X50 Pro 5G (ဖေဖော်ဝါရီ ၂၄)

Realme X50 Pro 5G ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G စမတ်ဖုန်း Realme X50 5G ရဲ့ Flagship ဗားရှင်းဖြစ်လို့ အများကြီးမျှော်လင့်ထားရတဲ့ ဖုန်းတစ်လုံးပါ။ သူ့မှာလည်း 90Hz Display တစ်ခုနဲ့ ကိုယ်ပိုင် 65W အားအမြန်သွင်းစနစ် ပါလာဦးမှာဖြစ်ပါတယ်။ သူကလည်း ကြိုတင်စီစဉ်ထားတဲ့ ဖေဖော်ဝါရီ ၂၄ မှာပဲ မိတ်ဆက်မှာဖြစ်ပေမယ့် အွန်လိုင်းကနေ ပြောင်းလဲပြသသွားတော့မှာပါ။

LG G9, V60 (မသိရသေး)

တောင်ကိုရီးယားအခြေစိုက် LG ဟာ MWC ပွဲအတွက် ယခင် V50 လို Dual-screen ပါဝင်တဲ့ 5G စမတ်ဖုန်းသစ် V60 ThinQ ကို ပြင်ဆင်ထားတာပါ။ ကုမ္ပဏီရဲ့ အစီအစဉ်သစ်ကတော့ ဒီဖုန်းကို 5G နက်ဝပ်ရရှိနေပြီဖြစ်တဲ့ မြောက်အမေရိကနဲ့ ဥရောပတို့ကို တင်ပို့သွားဖို့ပါ။ LG G9 ကိုတော့ ဈေးနှုန်းပိုင်းကို ပိုကြည့်တတ်တဲ့ ဈေးကွက်တွေမှာ ရောင်းချသွားမှာဖြစ်ပါတယ်။ LG G9 နဲ့ V60 တို့ဟာ သီးသန့်မိတ်ဆက်ပွဲတွေနဲ့ ထွက်လာဖို့ဖြစ်ပြီး အချိန်အတိအကျကိုတော့ မသိရသေးပါဘူး။

Xiaomi Mi 10 (မသိရသေး)

Xiaomi ဟာ တရုတ်ပြည်တွင်းမှာတော့ Mi 10 နဲ့ Mi 10 Pro တို့ကို ရောင်းချနေပြီဖြစ်ပြီး အောင်မြင်မှုလည်း ရနေပါပြီ။ ဒါပေမယ့် MWC ပွဲမှာ ဒီဖုန်းနှစ်လုံးရဲ့ ဂလိုဘယ်ဗားရှင်းကို ထပ်မံမိတ်ဆက်ရှင်းပြသွားဖို့ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီဟာ မိတ်ဆက်ရက်ကို နောက်ဆုတ်လိုက်ပေမယ့် နေ့စွဲအတိအကျမထုတ်ပြန်ရသေးပါဘူး။

vivo Apex 2020 (မသိရသေး)

Vivo ကလည်း သူတို့ရဲ့ နည်းပညာအသစ်တွေ အပြည့်အဝထည့်လာမယ့် Concept ဖုန်းသစ် Apex 2020 ကို MWC မှာ ပြသမလို့ပါပဲ။ အခုတော့ နောက်ဆုတ်လိုက်ရပြီး မကြာခင်မှာ မိတ်ဆက်ရက်ပြန်လည်ကြေညာလာမယ်လို့ ယူဆရပါတယ်။

Huawei Mate Xs (မသိရသေး)

တရုတ်အင်အားကြီးကုမ္ပဏီရဲ့ ပထမဆုံး Kirin 990 နဲ့ Foldable ဟန်းဆက် Huawei Mate Xs သတင်းတွေ ထွက်နေခဲ့တာ ကြာပါပြီ။ မတ်လမှာကြုံရမယ့် Huawei P40 မိတ်ဆက်ပွဲအတွက် သွေးပူလေ့ကျင့်ခန်းအနေနဲ့ MWC ပွဲမှာ အခြားထုတ်ကုန်တစ်ချို့နဲ့အတူ ပြသလာဖို့ မျှော်လင့်ခဲ့ပေမယ့် အခုတော့ ပျက်သွားခဲ့ပါတယ်။ ကုမ္ပဏီက ဆက်ပြီး ကြေညာမှာကို စောင့်စားနေရဆဲပါ။

Ref – GSM Arena