သတင်းအချက်အလက်ရရှိမှု၊ လွယ်ကူမြန်ဆန်မှု အစရှိတဲ့အချက်အလက်တွေဟာ လျင်မြန်စွာပြောင်းလဲနေတဲ့ ယနေ့ကမ္ဘာကြီးမှာ အံဝင်ခွင်ကျစွာ သက်ရှင်နေထိုင်ဖို့ အလွန်လိုအပ်တဲ့ အချက်များဖြစ်ပါတယ်။ စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ ယနေ့ခေတ်နဲ့အမီလိုက်နိုင်ဖို့ မရှိမဖြစ်လိုအပ်လာတဲ့အရာက ဒီဂျစ်တယ်နည်းပညာပဲဖြစ်ပါတယ်။ အထူးသဖြင့် သတင်းအချက်အလက်နှင့် နည်းပညာခေတ်မှာ လှုပ်ရှားကျင်လည်နေရသူတိုင်းအဖို့ ဒီဂျစ်တယ်နည်းပညာ အသုံးဝင်ပုံဟာ ပြောလို့ကုန်နိုင်ဖွယ်မရှိပါဘူး။ အခုလို ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ဖို့အတွက် လူအများနှင့်ထိတွေ့ခြင်းကို တတ်နိုင်သမျှလျော့ချနေရတဲ့ အနေအထားမှာ ဒီဂျစ်တယ်နည်းပညာရဲ့ အရေးပါပုံကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်ပါတယ်။

နည်းပညာလျင်မြန်စွာ တိုးတက်ပြောင်းလဲလာခြင်းနဲ့အတူ နိုင်ငံတကာနဲ့ ဆက်ဆံရေးပိုမိုပွင့်လင်းလာမှုတို့ကြောင့် မြန်မာနိုင်ငံဟာ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး ရေစီးကြောင်းမှာ တရွေ့ရွေ့စီးမျောလာခဲ့ပြီဖြစ်ပါတယ်။ ဆက်သွယ်ရေး နည်းပညာများတိုးတက်လာမှု၊ တယ်လီကွန်းသုံးစွဲမှုများ တိုးပွားလာမှုကြောင့် မြန်မာနိုင်ငံမှာ လွန်ခဲ့သော နှစ်ကာလများနဲ့ ယှဉ်လျှင် မိုဘိုင်းဖုန်း၊ အင်တာနက် သုံးစွဲမှုနှုန်းသည် သိသာထင်ရှားစွာ တိုးတက်များပြားလာရုံသာမက Facebook ကဲ့သို့သော လူမှုစာမျက်နှာများ၊ ဖျော်ဖြေရေးလုပ်ဆောင်ချက်များနဲ့ COVID-19 ဆိုင်ရာသတင်းတွေကို တစ်နေရာထဲမှာ ဖတ်ရှု အသုံးပြုနိုင်မယ့် MyID အက်ပလီကေးရှင်းနဲ့ Viber ကဲ့သို့ ဆက်သွယ်ရေးနည်းလမ်း အမျိုးမျိုးတို့ဟာ လူမှုနေ့စဉ်ဘဝအတွက် မရှိမဖြစ်နီးပါး လိုအပ်သည့်အရာများဖြစ်လာပါတယ်။

ဒါ့အပြင် ဒီဂျစ်တယ်နည်းပညာနဲ့ ဆက်သွယ်ရေးကောင်းမွန်လာတဲ့အတွက် လုပ်ငန်းဆောင်တာများကိုလျင်မြန်လွယ်ကူစွာ လုပ်ဆောင်နိုင်ရုံသာမက လူအချင်းချင်းထိတွေ့မှုကိုပါ လျော့ချနိုင်လာပါတယ်။ သာဓကအားဖြင့် MytelPay နှင့် MyHome လို မိုဘိုင်းငွေပေးချေမှုစနစ်များ၊ ဘေလ်ပေးချေမှုနည်းလမ်းများ ထွန်းကားလာတဲ့အတွက် ငွေပေးချေမှုများ၊ လျှပ်စစ် နဲ့ ရေမီတာဘေလ်တွေကို လူကိုယ်တိုင်သွားရောက် ပေးချေရန်မလိုပဲ အွန်လိုင်းမှတဆင့် ပြုလုပ်လာနိုင်ပြီ ဖြစ်ပါတယ်။ ဤကဲ့သို့ တိုးတက်မှုတွေဟာ အချိန်ကုန်လူပင်ပန်းဖြစ်ခြင်းကို လျော့ချနိုင်ရုံမက COVID 19 ရောဂါကာကွယ်တားဆီးရေးကိုပါ တစ်ဖက်တစ်လမ်းက အထောက်အကူပြုလျက်ရှိပါတယ်။

လူတစ်ဦးချင်းစီရဲ့ နေ့စဉ်ဘဝမှာသာမက စီးပွားရေးလုပ်ငန်းများအတွက်လည်း ဒီဂျစ်တယ်ဆက်သွယ်ရေးနည်းပညာက အရေးပါတဲ့ ပံ့ပိုးမှုများကို ပြုလုပ်ပေးပါတယ်။ လက်ရှိကပ်ရောဂါဖြစ်ပွားနေတဲ့ အခြေအနေမှာ တစ်ဦးနဲ့ တစ်ဦးထိတွေ့ခြင်းတွေကို မဖြစ်မနေလျော့ချလာရတဲ့အတွက် လုပ်ငန်းတွေမှာ အခက်အခဲတွေ အနည်းနဲ့ အများဆိုသလို ကြုံတွေ့လာရပါတယ်။ ဒါပေမဲ့ ဒီဂျစ်တယ်နည်းပညာအကူအညီကြောင့် အချို့လုပ်ငန်းတွေဟာ ပုံမှန်နီးပါး လည်ပတ်နိုင် ရုံသာမက အချို့သော ကဏ္ဍများဟာဆိုရင် ယခင်ကထက် ပိုမိုတိုးတက်ကောင်းမွန်လာသည်ကို မြင်ရပါတယ်။ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အတွက် အဓိကကျတဲ့အရာတွေ အများကြီးရှိတဲ့အထဲမှာ ဆက်သွယ်ရေးနည်းပညာဟာ အရေးကြီးဆုံးလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ခေတ်မီဆက်သွယ်ရေးနည်းစနစ်များသာမရှိခဲ့ရင် အခုလို ကပ်ရောဂါဖြစ်ပွားတဲ့ အခြေအနေမှာ ကန့်သတ်ချက်များစွာကြောင့် လုပ်ငန်းတွေအနေနဲ့ ဘယ်လိုလည်ပတ်ရမလဲဆိုတာကို တွေးကြည့်ဖို့တောင် ခက်ခဲပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အကြောင်းပြောမယ်ဆိုပါရင် တယ်လီကွန်းအော်ပရေတာတွေရဲ့ အခန်းကဏ္ဍကို ချန်လှပ်ထားလို့မရပါဘူး။ ဒါဟာဘာကြောင့်လဲဆိုရင် အော်ပရေတာတွေဟာ လက်ရှိမှာ နိုင်ငံတွင်း အင်တာနက်သုံးစွဲမှုအတွက် ကွန်ရက်ထောက်ပံ့မှုကို အဓိကပံ့ပိုးထားပေးလို့ပဲဖြစ်ပါတယ်။ ထုတ်ပြန်ချက်များအရ မြန်မာပြည်ရဲ့ သက်တမ်းအငယ်ဆုံးအော်ပရေတာဖြစ်တဲ့ Mytel ဟာ အရှည် ၃၆,၀၀၀ ကီလိုမီတာရှိတဲ့ မြန်နှုန်းမြင့် ဖိုက်ဘာဆက်ကြောင်းနဲ့ နိုင်ငံရဲ့ ၉၃ ရာခိုင်နှုန်းသောဧရိယာကို 4G/4.5G ကွန်ရက်နဲ့ လွှမ်းခြုံထားတယ်လို့သိရပါတယ်။ ဒါဟာ တကယ်ပဲအားရစရာဖို့ကောင်းတဲ့ တိုးတက်မှုပင်ဖြစ်ပါတယ်။ ဒီလိုမျိုး ကွန်ရက်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ထားနိုင်တဲ့ အတွက် မြို့ပြမှာရှိတဲ့ ပြည်သူလူထုသာမက ဝေးလံတဲ့ကျေးလက်ဒေသတွေက ပြည်သူတွေပါ ဆက်သွယ်ရေးလွယ်ကူ အဆင်ပြေလာပြီး စီးပွားရေးအခွင့်အလမ်းများ တိုးပွားလာနိုင်မှာဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ရာ ဒီဂျစ်တယ်နည်းပညာနဲ့ ဆက်သွယ်ရေးဖွံဖြိုးတိုးတက်မှုက များစွာအထောက်အပံ့ ပေးနိုင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့လည်း အခုအချိန်မှာ e-Government စနစ်ကို ပြောင်းလဲဖို့ရန် လုပ်ဆောင်နေပါတယ်။ အရင်ကျင့်သုံးခဲ့တဲ့ စာရွက်ပေါ်မှာစာရင်းဇယားများရေးမှတ်ခြင်း၊ စာပို့ဆက်သွယ်ခြင်းများနေရာမှာ ကွန်ပျူတာများ၊ အီးမေးလ်များအသုံးပြုလာတဲ့အခါ ယခင်ကထက် အချိန်ကုန်သက်သာရုံမက လုပ်ငန်းတွင်ကျယ်မှုလည်း ပိုမိုရှိလာပါတယ်။ e-Government စနစ်ကို ကျင့်သုံးဖို့အတွက် အုပ်ချုပ်ရေးပိုင်းမှာသာ ပြုပြင်ပြောင်းလဲမှုကို ပြုလုပ်ရတာမျိုးမဟုတ်ပဲ အသုံးပြုမယ့် လူထုများအနေနဲ့ကလည်း ရင်းနှီးကျွမ်းဝင်မှုရှိမှသာ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။ တယ်လီကွန်းအော်ပရေတာ တစ်ခုဖြစ်တဲ့ Mytel ဟာ e-Government စနစ်ကို ပြောင်းလဲရာမှာလည်း တစ်တပ်တစ်အား ပါဝင်လျက်ရှိတာကို တွေ့ရပါ တယ်။

ဆယ်စုနှစ်တစ်ခုအတွင်းမှာ တယ်လီကွန်းဆက်သွယ်ရေးကဏ္ဍတိုးတက်လာတဲ့အတွက် မြန်မာနိုင်ငံတွင်းမှာ ပြောင်းလဲမှု အများကြီး ဖြစ်ပေါ်လာတာကိုအားလုံးမျက်မြင်ကိုယ်တွေ့ပဲဖြစ်ပါတယ်။ စစ်တမ်းများအရ ၂၀၁၅ ခုနှစ်မှာ အင်တာနက် အသုံးပြုသူဦးရေဟာ စုစုပေါင်းလူဦးရေရဲ့ ၂၁.၇၂ ရာခိုင်နှုန်းသာရှိခဲ့ရာကနေ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ စုစုပေါင်းလူဦးရေရဲ့ ၄၁ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ကိုတွေ့ရပါတယ်။ ဒီလို တိုးတက်ပြောင်းလဲလာမှုကြောင့်ပဲ လက်ရှိမှာ ကန့်သတ်ချက် အများကြီးရှိတဲ့ကြားကပဲ အချို့လုပ်ငန်းတွေ ဆက်လက်လည်ပတ်နေနိုင်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဆက်သွယ်မှု တိုးတက်လာလို့ပဲ သတင်းတွေကို အချိန်နှင့်တပြေးညီသိနိုင်ပြီး အဝေးရောက်နေတဲ့ ချစ်ခင်ရသူများနှင့်အချိန်မရွေး ဆက်သွယ်နိုင်ခြင်းဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုမရှိတဲ့ အချိန်အတွင်းမှာ ဒီလောက်ထင်သာမြင်သာရှိတဲ့ အကျိုးကျေးဇူးများ ကို တယ်လီကွန်းများက ယူဆောင်ပေးလာနိုင်တယ်ဆိုရင် နောက်ဆယ်စုနှစ်တစ်ခုကုန်သွားသောအခါ တယ်လီကွန်းတွေက မြန်မာနိုင်ငံအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ယူဆောင်ပေးလာမည်ဆိုတာဟ စိတ်ဝင်စားဖွယ်ရာ ကောင်းလှပါတယ်။