နယူးဇီလန် ရဲဌာနက ရဲဝန်ထမ်း အသစ် ၁ ယောက်ကို ခန့်အပ်လိုက်ပါတယ်။ သူဟာ လူသားတော့ မဟုတ်ဘဲ AI ဖြစ်ပါတယ်။ Ella လို့ နာမည်ပေးထားပြီး သူမဟာ တကယ့်အမျိုးသမီး ၁ ယောက်နဲ့ တူပါတယ်။ Virtual Assistant ဖြစ်ပြီး လူတွေနဲ့ မျက်နှာချင်းဆိုင် စကားပြောနိုင်ပါတယ်။

Ella ဟာ လာမယ့် တနင်္လာနေ့မှာ ဝယ်လင်တန်က ရဲဌာနချုပ်မှာ စတင် တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။ သူမရဲ့ အဓိက တာဝန်က ရဲဌာနကို လာတဲ့ လူတွေကိုနှုတ်ဆက်ကြိုဆိုရမှာ ဖြစ်ပြီး ဝန်ထမ်းတွေကို ဧည့်သည်တွေလာကြောင်း အသိပေးရမှာ ဖြစ်သလို အလုပ်တာဝန်တွေ ခွဲပေးရမှာပါ။ သူမက ဧည့်သည်တွေကို စကားပြောနိုင်ပြီး ရဲဌာနရဲ့ ဖုန်းနံပါတ်နဲ့ ရဲဌာနရဲ့ လုပ်ငန်းတာဝန်တွေကို ရှင်းပြပေးနိုင်ပါတယ်။

တာဝန် စတင် ထမ်းဆောင်ပြီး ၃ လ အကြာမှာ Ella ကို ဒီထက် တာဝန်ပိုကြီးတဲ့ အလုပ်တွေကို ခိုင်းစေမှာ ဖြစ်ပါတယ်။ “ လက်ရှိမှာ သူမရဲ့ စွမ်းရည်ဟာ အခြေခံလောက်ပဲရှိပါသေးတယ်။ ဒါပေမယ့် AI ကို အသိပညာနဲ့စွမ်းရည်တွေ ပို သင်ပေးတာနဲ့အမျှ ပိုအကျိုးရှိလာမယ်ဆိုတာ ယုံကြည်ပါတယ်။ လူတွေနဲ့ ဆက်ဆံတာ များလာတာနဲ့အမျှ AI က ပို သင်ယူလာနိုင်မှာပါ။ “ လို့ နယူးဇီလန် ရဲဌာနက အရာရှိ Mike Bush က ပြောပါတယ်။

နယူးဇီလန်က နည်းပညာ ကုမ္ပဏီတွေဖြစ်တဲ့ Intela AI နဲ့ Soul Machines တို့က AI ကို ဖန်တီးထားတာ ဖြစ်ပါတယ်။ လူတွေနဲ့ စကားပြောတဲ့အခါမှာ အသံ၊ လက်ဟန်ခြေဟန်တွေ ပါအောင် Ella ကို ဖန်တီးထားပါတယ်။ Ella ဟာ လက်ရှိမှာ လူသား ရဲဝန်ထမ်းတွေလို လမ်းမတွေမှာ ကင်းမလှည့်နိုင်ပါဘူး။ ဒါပေမယ့် Bush က Ella ဟာ အနာဂတ်မှာ ပိုတာဝန်ကြီးတာတွေ လုပ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။

Ref : tnw