ဂိမ်းစက်ဈေးကွက်မှာ Sony PlayStation နဲ့ Microsoft Xbox လိုမျိုးပဲ Nintendo ဟာလည်း နာမည်ကြီးတဲ့ ဂိမ်းစက်ထုတ်လုပ်သူတစ်ယောက်ဖြစ်ပါတယ်။ အခုအချိန်မှာတော့ Nintendo ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ဂိမ်းစက်တစ်ခုဖြစ်တဲ့ Nintendo Switch ဟာ လက်ရှိအချိန်မှာ အမြန်ဆုံးရောင်းထွက်နေတဲ့ ဂိမ်းစက်တစ်ခုဖြစ်တယ်လို့ တရားဝင်ကြေငြာလိုက်ပြီဖြစ်ပါတယ်။

Nintendo ဟာ Switch ဂိမ်းစက်ကိုရောင်းချခဲ့တာ ၁၀ လခန့်ရှိသွားပြီဖြစ်ပြီး အမေရိကန်တစ်နိုင်ငံထဲမှာတင် ဂိမ်းစက်အလုံးရေ ၄.၈ သန်း ရောင်းချထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒီပမာဏဟာ Will ရဲ့ ၁၀ လအတွင်း ၄ သန်းရောင်းချရမှုကိုကျော်တက်သွားခဲ့တာဖြစ်ပါတယ်။

Nintendo ဟာ Switch ဂိမ်းစက်တင်မဟုတ်ပဲ Super Mario Odyssey နဲ့ The Legend of Zelda : Breath of the Wild လိုမျိုး ဂိမ်းခွေရောင်းအားတွေပါတိုးတက်ခဲ့ပြီးတော့ ၅၅ ရာခိုင်နှုန်းကျော်တဲ့ Switch ဂိမ်းစက်ပိုင်ရှင်တွေက ဝယ်ယူထားပြီးဖြစ်တယ်လို့ သိရပါတယ်။

အခုလိုမျိုး Nintendo ဟာ ယခင်က Sony PlayStation နဲ့ Xbox တွေကို ကျော်တက်နိုင်ခြင်းမရှိခဲ့ပေမယ့်အခုအချိန်မှာတော့ ပြန်ပြီး တစ်ခေတ်ဆန်းသစ်လာခဲ့တယ်လို့ပဲပြောရမှာပါ။