Nissan ဆိုတာ သတမ်းကြာနေပြီဖြစ်တဲ့ ဂျပန်ကားကုမ္ပဏီတစ်ခုပါ။ ၁၉၃၃ ခုနှစ်မှာ စတင်ခဲ့တာ အခုဆိုရင် ကားထုတ်လုပ်တဲ့သက်တမ်း ၈၄ နှစ်အထိကြာခဲ့ပါပြီ။ Nissan ရဲ့နာမည်ကြီးကားတွေကတော့ အများကြီးပါ။ လူတွေကြားမှာ နာမည်ကြီးခဲ့တဲ့ Nissan ရဲ့ GTR ပြိုင်ကားတွေကတော့ အခုချိန်အထိ ဈေးကွက်ထဲမှာ ပြိုင်ဖက်တွေအများကြီးနဲ့ ယှဉ်ပြိုင်နေရတုန်းပါ။

EV တွေ ခေတ်စားလာခဲ့တဲ့နောက်ပိုင်း Nissan ကလည်း Electronic Vehicle ဈေးကွက်ဖက်ကို စိတ်ဝင်စားလာပါတယ်။ EV လောကကို Nissan စတင်ဝင်ရောက်လာခဲ့တာ Nissan Leaf နဲ့ပါ။ Nissan Leaf ကို ၂၀၁၀ မှာစတင်မိတ်ဆက်ခဲ့ပါတယ်။ တံခါး ၅ ပေါက်ပါ Hatch-Back ကားအမျိုးအစားဖြစ်ပါတယ်။ စမိတ်ဆက်ခဲ့တုန်းက Nissan Leaf ဟာ ၁၀၇ မိုင်လောက်ပဲမောင်းနိုင်ခဲ့ပါတယ်။ Nissan Leaf ရဲ့ Battery ကိုတော့ အားလုံးဝမရှိတဲ့ အခြေအနေကနေ Battery 80% အထိအားပြည့်အောင် မိနစ်လေးဆယ်အတွင်းမှာ Fast Charging နဲ့သွင်းနိုင်ပါတယ်။

Nissan Leaf ရဲ့ First Generation က လှတယ်လို့ပြောခံရတဲ့ ကားတွေထဲမှမပါခဲ့ပါဘူး။ ၂၀၁၀ ကနေ ၂၀၁၇ အထိ ပုံမပြောင်းပဲထုတ်လာခဲ့တာ ၂၀၁၇ နောက်ပိုင်းရောက်မှ Design အသစ်နဲ့ ပိုလှလာတဲ့ Leaf လေးကိုမိတ်ဆက်ပေးခဲ့တာပါ။ Leaf အသစ်က Design ပြောင်းလဲသွားတာတစ်ခုတည်းနဲ့တင် ပရိတ်သတ်အသစ်တော်တော်များများ ရရှိခဲ့ပါတယ်။ Leaf အသစ်ကတော့ အားအပြည့်သွင်းထားရင် ၁၅၁ မိုင်လောက်ကို မနားတမ်းမောင်းနိုင်လာပါတယ်။ အတွင်းခန်းအပြင်အဆင်ကတော့ Leaf လေးတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် Nissan ကသေခြာဂရုစိုက်ပေးထားပါတယ်။ ရိုးရှင်းတဲ့ Dashboard အပြင်အဆင်နဲ့ Apple CarPlay, Android Auto တွေလည်း ပါပါသေးတယ်။

Nissan Leaf လိုမျိုးကားမျိုးမှာ BOSE ရဲ့ Speaker တွေတပ်ပေးထားမယ်လို့ ဘယ်သူမှထင်မှာမဟုတ်ပါဘူး။ Nissan က သူတို့ကားကို သေချာဂရုတစ်စိုက်နဲ့ထုတ်ပေးထားတယ်ဆိုတာ သိသာပါတယ်။ အန္တရာယ်ကင်းစေဖို့အတွက်လည်း ကားတွင်းပတ်ပတ်လည်မှာ လေအိတ် ခြောက်လုံးအထိထည့်ပေးထားပါသေးတယ်။ အခြား Feature တွေအနေနဲ့လည်း EBD, ABS နဲ့ Tyre Pressure Sensor စတာတွေပါဝင်ပါသေးတယ်။ Nissan Leaf လေးကတော့ မြို့နဲ့အနီးဝင်းကျင် ခရီးတိုလေးတွေထွက်ချင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။ နောက်ခန်းက ခုံတွေကို ခေါက်ပြီး စက်ဘီးတစ်စီးလောက်တော့ အသာလေးသယ်သွားလို့ရပါတယ်။

လူငါးယောက်ထိုင်မယ်ဆိုရင်လည်း နောက်မှာ Luggage ထားဖို့နေရာလုံလောက်တာကြောင့် ခရီးထွက်ဖို့အထိကို ရည်ရွယ်ထုတ်လုပ်ထားတာ သိသာပါတယ်။ မိနစ်လေးဆယ်အတွင်း Battery 0% ကနေ 80% အထိ Fast Charging လုပ်လို့ရတာကြောင့် အားသွင်းနိုင်တဲ့နေရာတွေရှိမယ်ဆိုရင် မိုင် ၁၀၀ ကျော်လောက်မောင်းပြီးတိုင်း နာရီဝက်လောက်နားရင်း အားသွင်းပြီး ခရီးရှည်သွားနိုင်မှာပါ။ လမ်းမှာတော့ အားသွင်းလို့ရမယ့်နေရာတွေကို တစ်ခါတည်း ကြည့်ထားမှာအဆင်ပြေမှာပါ။ Fast Charging ကိုတော့ သတ်မှတ်ထားတဲ့နိုင်ငံအချို့မှာပါ အသုံးပြုလို့ရဦးမှာပါ။ မြို့တွင်းမှာ အသုံးပြုမယ်ဆိုရင်တော့ Nissan Leaf လေးတွေကို အားအပြည့်တစ်ခါသွင်းထားရင် နှစ်ရက်လောက် ရုံးသွားရုံးပြန်၊ ကလေးကျောင်းပို့/ကြို မုန့်စားထွက်တာလောက်တော့ ကောင်ကောင်းသုံးလို့ရပါတယ်။