Apple ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်နှစ်ကုန်ပိုင်းတုန်းက M2 Chip ကို အသုံးပြုထားတဲ့ iPad Pro အသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် အစောပိုင်းတုန်းကလည်း M1 iPad Air ၊ iPad mini အသစ်တွေကိုပါ မိတ်ဆက်ထားပြီးဖြစ်ပါတယ်။

ဒါကြောင့် Apple ဟာ ယခု ၂၀၂၃ ခုနှစ်အတွင်းမှာ iPad အသစ်တွေကို ထပ်မံမိတ်ဆက်ဖို့မရှိတော့ဘူးလို့ သတင်းတွေထွက်ပေါ်လာပါပြီ။ နာမည်ကြီး Analyst တစ်ဦးဖြစ်တဲ့ Ming-Chi Kuo ရဲ့ ပြောကြားချက်အရ Apple ဟာ လာမယ့် ၂၀၂၄ ခုနှစ်မှာ Foldable iPad အသစ်နဲ့ iPad mini အသစ်ကို မိတ်ဆက်နိုင်ဖို့ အဓိကထားပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

iPad mini အသစ်ဟာ လာမယ့် ၂၀၂၄ ခုနှစ်အစပိုင်းမှာ မိတ်ဆက်လာနိုင်ပြီး ဒီဇိုင်းပိုင်းကိုလုံးဝအသစ်ပြောင်းလဲထားမှာဖြစ်ပါတယ်။ ဒါ့အပြင် Foldable iPad ကိုလည်း ၂၀၂၄ ခုနှစ်အတွင်းမှာ မိတ်ဆက်သွားမှာဖြစ်ပြီး ထူးခြားချက်အနေနဲ့ Carbon Fiber Kickstand ပါဝင်လာမှာဖြစ်ပါတယ်။

အဆိုပါ Carbon Fiber Kickstand အတွက် Apple ဟာ တရုတ်နိုင်ငံ Suzhou ပြည်နယ်က Anjie Technology ကုမ္ပဏီကို ထုတ်လုပ်ခိုင်းထားပြီး လက်ရှိ Foldable Device တွေနဲ့ ပုံစံကွဲထွက်နေမယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ iPad တွေအတွက် အနောက်ကနေ ထောက်ထားနိုင်တဲ့ Kickstand Cover တွေအများအပြားရှိနေပြီဖြစ်တာကြောင့် Foldable iPad အသစ်ဟာ သီးသန့် ထောက်ထားနိုင်ဖို့အတွက် Kickstand ကို ထည့်သွင်းထားတာဖြစ်နိုင်ပါတယ်။ Carbon Fiber ကိုအသုံးပြုလာမှာဖြစ်တဲ့အတွက် အလေးချိန်ကလည်း သာမန် Kickstand Cover တွေထက် ပိုပြီး ပေါ့ပါးမှာဖြစ်ပါတယ်။

Apple ရဲ့ Foldable iPad ဟာ ဖြန့်လိုက်တဲ့အချိန်မှာ Display Size က 20.25″ အထိရှိမယ်လို့ သိရတဲ့အတွက် လက်ရှိ iPad တွေထက် အရွယ်အစားပိုကြီးမှာဖြစ်ပါတယ်။ ဒါကြောင့် တကယ်ထွက်ရှိတဲ့အချိန်မှာ ဘယ်လိုပုံစံဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – GSM Arena