Nokia ဟာ သူတို့ရဲ့ ပထမဆုံး 5G စမတ်ဖုန်း Nokia 8.3 5G ကို မတ်လတုန်းက အွန်လိုင်း Event ကနေ မိတ်ဆက်ခဲ့ပါတယ်။ စမတ်ဖုန်းရဲ့ အချက်အလက်တွေနဲ့ စျေးနှုန်းတို့ကို ကြေညာခဲ့ပေမယ့် ထွက်ရှိရက်ကိုတော့ ၂၀၂၀ နွေရာသီ လို့ပဲ ပြောခဲ့တာပါ။

ယခု Nokia ရဲ့ တရားဝင် တွစ်တာကနေ တင်လာခဲ့တဲ့ Promo Video အသစ်ကတော့ Nokia 8.3 ထွက်ရှိရက် မဝေးတော့ဘူးလို့ အသိပေးလာခဲ့ပါပြီ။ ဒါပေမယ့် Nokia 8.3 5G မကြာခင်ထွက်လာမယ်လို့ပဲ ဖော်ပြထားပြီး တိကျတဲ့ ထွက်ရှိရက်ကိုတော့ မပြောသေးပါဘူး။ ဘာပဲဖြစ်ဖြစ် လာမယ့်ရက်ပိုင်းအတွင်း စျေးကွက်ထဲမှာ မြင်လာရဖို့တော့ သေချာနေပါပြီ။

Nokia 8.3 5G မှာ ကြီးမားကျယ်ပြန့်တဲ့ 6.81” PureDisplay နဲ့ Punch-hole Screen တို့ပါဝင်ပါတယ်။ သူ့မှာ Pixelworks Chip ပါဝင်တာကြောင့် SDR Content တွေကို HDR အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ အတွင်းမှာ Snapdragon 765G ပရိုဆက်ဆာကို 6/8GB LPDDR4X RAM နဲ့တွဲဖက်ထားပြီး 64/128GB Storage ကို ရွေးချယ်နိုင်ပါတယ်။

ကင်မရာပိုင်းမှာတော့ နောက်ဘက်မှာ 64MP အဓိကကင်မရာဦးဆောင်တဲ့ Quad-camera ကိုတွေ့ရမှာဖြစ်ပြီး 12MP Ultrawide + 2MP Depth Sensor + 2MP Macro ယူနစ်တွေနဲ့ပေါင်းစပ်ထားပါတယ်။ ကင်မရာလေးခုလုံးမှာ ZEISS Optics ပါဝင်ပြီး ရှေ့ဘက်မှာ ဆဲလ်ဖီးကင်မရာအဖြစ် 24MP ကင်မရာပါဝင်ပါတယ်။

ဒီဖုန်းရဲ့စျေးနှုန်းကို ယူရို ၅၉၉ (မြန်မာကျပ်ငွေ ကိုးသိန်းခန့်) သတ်မှတ်ထားပြီး Polar Night ကာလာတစ်မျိုးတည်းနဲ့ ရရှိနိုင်မှာပါ။

Ref – GizmoChina