လွန်ခဲ့တဲ့ရက်အနည်းငယ်က HMD Global ရဲ့ ထုတ်ကုန်ပိုင်းဆိုင်ရာအကြီးအကဲ Juho Sarvikas က သူ့ရဲ့ တွစ်တာကနေ Nokia ဖုန်းနဲ့ James Bond ရုပ်ရှင်စီးရီးတို့ကြားက ပေါင်းစပ်မှုတစ်ခု ပါဝင်တဲ့ ဗီဒီယိုအတိုလေးကို Tease လုပ်လာခဲ့ပါတယ်။

ယနေ့မှာတော့ ကုမ္ပဏီဟာ ဒီပူးပေါင်းမှုကို တရားဝင်အတည်ပြုလိုက်ပြီဖြစ်ပြီး သူတို့ရဲ့ ပထမဆုံး 5G စမတ်ဖုန်းဟာ နောက်ထွက်လာမယ့် James Bond (007) ရုပ်ရှင်အသစ် “No Time To Die” ထဲမှာ ပါဝင်လာမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

လာမယ့်မတ်လ ၈ ရက်နေ့မှာလည်း စက္ကန့် ၉၀ စာ ကြော်ငြာတစ်ခုကို ထုတ်လွှင့်သွားဦးမယ်လို့ HMD Global က ပြောကြားခဲ့ပြီး Nokia ရဲ့ မျိုးဆက်သစ်စမတ်ဖုန်းတွေကို မြင်တွေ့နိုင်မှာပါ။ အဆိုပါကြော်ငြာထဲမှာ ပါဝင်မယ့် မင်းသမီး Lashana Lynch ဟာ “No Time To Die” ရုပ်ရှင်ထဲမှာလည်း လျှို့ဝှက်အေးဂျင့်အသစ် Nomi အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဂျိမ်းစ်ဘွန်း သို့မဟုတ် 007 လို့ လူသိများတဲ့ Bond Franchise ကြီးဟာ ဆယ်စုနှစ်ပေါင်းများစွာ သက်တမ်းရှိတဲ့ သက်တမ်းအရင့်ဆုံး ရုပ်ရှင်စီးရီးတစ်ခုဖြစ်ပြီး “No Time To Die” ကတော့ ဒီစီးရီးရဲ့ ၂၅ ကားမြောက် အမှတ်တရ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ပထမဆုံး Nokia 5G စမတ်ဖုန်းအပြင် Nokia 7.2 နဲ့ Nokia 3310 တို့လို အခြား Nokia ဖုန်းတွေကိုလည်း မြင်ရမှာပါ။

“No Time To Die” ရုပ်ရှင်ဟာ အခက်အခဲများစွာနဲ့ရင်ဆိုင်နေရပြီး အခုနောက်ဆုံးကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ရုံတင်ရက်ကို နိုဝင်ဘာလထိ ရွှေ့ဆိုင်းလိုက်ပြန်ပါတယ်။ ဒါပေမယ့် Nokia ကတော့ သူ့ရဲ့ပထမဆုံး 5G ဖုန်း အပါအဝင် ထုတ်ကုန်သစ်တွေကို လာမယ့်မတ်လ ၁၉ ရက်နေ့မှာ လန်ဒန်မြို့မှာ မိတ်ဆက်သွားတော့မှာပါ။

Ref – GSM Arena