Nvidia ရဲ့ MX Series GPU တွေဟာ Ultrabook တွေအပြင် Thin & Light Laptop တွေမှာတွေ့ရများသလို စွမ်းဆောင်ရည်ပိုင်းအရလည်း Gaming Laptop တွေလောက်မဟုတ်ပေမယ့် ပုံမှန် Gaming ပိုင်းအတွက်ကတော့ အဆင်ပြေတဲ့ GPU တွေလို့ ပြောလို့ရပါတယ်။

လက်ရှိအချိန်မှာ Nvidia ကနေ MX250 GPU ကိုပဲ ယခု MX Series ထဲမှာ အမြင့်ဆုံးအနေနဲ့ ရောင်းချနေတာဖြစ်ပါတယ်။ ဒါပေမယ့် အခုပဲ Nvidia ကနေ MX350 GPU အသစ်ကို မိတ်ဆက်လိုက်ပါပြီ။

Nvidia MX350 GPU အသစ်ဟာ စွမ်းဆောင်ရည်ပိုင်းမှာ 10th Gen Ice Lake Intel Core i7-1065G7 ရဲ့ GPU ထက် ၂ ဆခွဲလောက် ပိုပြီး စွမ်းဆောင်ရည်ကောင်းမွန်မှာဖြစ်သလို Nvidia ရဲ့ ပြောကြားချက်အရ Photo Editing ၊ Video Editing တွေမှာ ပိုမိုမြန်ဆန်လာမယ့်အပြင် Gaming Performance ပိုင်းမှာလည်း သိသိသာသာကောင်းမွန်လာမှာပါ။ ဒါ့အပြင် Performance နဲ့ Battery Life ကို မျှတအောင်ပြုလုပ်ပေးနိုင်တဲ့ Nvidia Optimus နည်းပညာကိုလည်း ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။

Nvidia MX350 GPU ဟာ Nvidia ရဲ့ 14nm GP107 Graphic Processor ကို အခြေခံထားပြီး Pascal Architecture နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ Core Clock Speed အနေနဲ့ 1354MHz ကနေ 1468MHz အထိရှိမှာဖြစ်ပြီး Base အနေနဲ့ 2GB DDR5 64bit Memory ကို အသုံးပြုထားတာဖြစ်ပါတယ်။

Graphic ပိုင်း Benchmark Test တွေဖြစ်တဲ့ Fire Strike Test နဲ့ Time Spy Test တွေမှာတော့ Nvidia MX350 GPU ဟာ ပြီးခဲ့တဲ့ MX250 GPU ထက် ၁၆ ရာခိုင်နှုန်းဝန်းကျင်ပိုတိုးတက်လာတာကို တွေ့ရပါတယ်။ Nvidia ဟာ အခု MX350 အပြင် Intel Core i7-1065G7 ထက် စွမ်းဆောင်ရည် ၂ ဆ ကောင်းမွန်တဲ့ MX330 GPU ကိုပါ မိတ်ဆက်ခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် ယခုနှစ်နောက်ပိုင်းမှာ မိတ်ဆက်မယ့် Laptop အသစ်တွေမှာ ယခု Nvidia MX350 GPU အသစ်ကို မြင်တွေ့ရတော့မှာပါ။

Ref – Giz China