Samsung ဟာ အခုအချိန်မှာ Galaxy S20 Series အပါအဝင် Galaxy Series စမတ်ဖုန်းတွေအများအပြားအတွက် OneUI 2.1 Update ကို နောက်ဆုံးအနေနဲ့ ထုတ်ပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်မှာ Samsung ကနေ Galaxy Note 20 Series ဖုန်းတွေနဲ့အတူ OneUI 2.5 Update ကို ထုတ်ပေးသွားတော့မယ့်ပုံစံပါပဲ။

အခုလည်း Samsung ရဲ့ OneUI 2.5 လို့ ယူဆရတဲ့ Screenshot တွေထွက်ပေါ်လာခဲ့ပြီး Feature အသစ်တွေထက် သတင်းဆိုးတစ်ခုပါဝင်လာခဲ့ပါတယ်။ ဒါကတော့ OneUI 2.5 Update နဲ့အတူ System App တွေနဲ့ Lock Screen လိုမျိုးနေရာတွေမှာ ကြော်ငြာတွေကို ထည့်သွင်းသွားတော့မှာပဲဖြစ်ပါတယ်။

ဒီလိုမျိုးကြော်ငြာတွေကို ထည့်သွင်းသွားဖို့က လောလောဆယ်မှာ Budget Galaxy A Series နဲ့ M Series ဖုန်းတွေမှာ အရင်ဆုံးစတင်မယ်လို့ သိရပါတယ်။ တစ်ချို့သော Lock Screen ကြော်ငြာတွေဟာ ၁၅ စက္ကန့်စာ Video ကြည့်ပြီးမှ ဖုန်းကို Unlock ပြုလုပ်နိုင်တဲ့အထိဖြစ်နေတဲ့အတွက် တော်တော်လေးကို ဆိုးတယ်လို့ ပြောရမှာပါ။ ဒါ့အပြင် Weather App လိုမျိုး System App တွေမှာလည်း ကြော်ငြာတွေပါဝင်လာမှာဖြစ်ပါတယ်။

လောလောဆယ်ကတော့ အဆိုပါ ကြော်ငြာတွေဟာ Korea ဘာသာစကားနဲ့ပဲဖြစ်နေတဲ့အတွက် Korea နိုင်ငံတွင်းမှာပဲ ကြော်ငြာထည့်သွင်းသွားမှာလား၊ ဒါမှမဟုတ် International စျေးကွက်မှာ ရောင်းချနေတဲ့ Samsung Galaxy ဖုန်းတိုင်းမှာ ထည့်သွင်းသွားမှာလားဆိုတာကိုလည်း မသိရှိရသေးပါဘူး။ အစောပိုင်းတုန်းက Xiaomi နဲ့ realme လိုမျိုး စမတ်ဖုန်းတွေကလည်း အလားတူ System App ထဲမှာ ကြော်ငြာတွေထည့်သွင်းခဲ့တဲ့အတွက် ပြဿနာတက်ခဲ့သေးတဲ့အတွက် အခုလိုမျိုး ကြော်ငြာမတက်အောင် ပိတ်ထားလို့ရတဲ့ Option ပါလာနိုင်မလားဆိုတာကလည်း မသိရသေးပြန်ပါဘူး။

အခုအတိုင်းဆိုရင် Galaxy Note 20 Series နဲ့အတူ မိတ်ဆက်သွားမယ့် OneUI 2.5 ဟာ Budget Galaxy ဖုန်းတွေအတွက်ကတော့ ဝေဖန်ခံရဦးမယ့် Software Update တစ်ခုဖြစ်လာနိုင်ပါတယ်။

Ref – GSM Arena