OnePlus ဟာ မကြာသေးခင်ကပဲ ၂၀၂၀ အတွက် သူတို့ရဲ့ တတိယမြောက် စမတ်ဖုန်းကို ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့ Mid-range ဖုန်းလည်းဖြစ်ခဲ့ပြီး ဈေးကွက်ထဲမှာလည်း အလားအလာကောင်းတဲ့ အခြေအနေမျိုး ပိုင်ဆိုင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါပေမယ့် ကုမ္ပဏီက ထပ်ပြီးမိတ်ဆက်ဖို့ ပြင်ဆင်နေတာက Flagship မော်ဒယ်ဖြစ်ပြီး၊ OnePlus 8T နဲ့ OnePlus 8T Pro တို့ ဖြစ်မယ်လို့ နာမည်ထွက်နေတာလည်း ဖြစ်ပါတယ်။ OnePlus 8T နှစ်မျိုးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အချို့လည်း ထွက်ပေါ်ခဲ့ပြီးဖြစ်ပေမယ့် ဒီတစ်ခါ ပေါ်ထွက်လာတာက ကုဒ်တွေကတစ်ဆင့် သိရတာပါ။

OnePlus Camera v5.4.23 ကုဒ်တွေကတစ်ဆင့် သိလာရတာကတော့ OnePlus 8T တစ်မျိုး၊ ဒါမှမဟုတ် နှစ်မျိုးစလုံးမှာ 64MP ကင်မရာ တပ်ဆင်ထားမယ်ဆိုတာပဲ ဖြစ်ပါတယ်။ တရုတ်စမတ်ဖုန်းကုမ္ပဏီဟာ OnePlus 7 စီးရီးကတည်းက 48MP ကင်မရာတွေကို အသုံးပြုခဲ့တာကြောင့် OnePlus 8T တွေမှာ 64MP ပြောင်းသွားတာလည်း ယုတ္တိတန်တယ်လို့ ဆိုနိုင်ပါတယ်။

ဒီတွေ့ရှိမှုကို XDA ရဲ့ စီနီယာအဖွဲ့ဝင်ဖြစ်တစ်ဦးက ဖော်ပြခဲ့တာဖြစ်ပါတယ်။ OnePlus Came app ဟာ မကြာသေးခင်ကပဲ v5.4.23 အဖြစ် အဆင့်မြှင့်တင်ခဲ့တာပါ။ ဒါကို ခွဲခြမ်းစိတ်ဖြာပြီးလေ့လာလိုက်တဲ့အခါမှာတော့ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း 64MP ကိုရည်ညွှန်းထားတာတွေ မြင်ခဲ့ကြရတာပဲ ဖြစ်ပါတယ်။

ဒီအချက်က OnePlus အနေနဲ့ သူ့ရဲ့ Camera app ကို 64MP ကင်မရာဆင်ဆာတွေတပ်ဆင်ထားမယ့် စမတ်ဖုန်းအသစ်တွေအတွက် ပြင်ဆင်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် OnePlus 8T နဲ့ OnePlus 8T Pro တို့နဲ့ပတ်သက်တဲ့ သတင်းယိုစိမ့်မှုက မရှိသေးတဲ့အတွက် တိုက်ဆိုင်စစ်ဆေးဖို့ စောင့်ဆိုင်းကြရဦးမှာ ဖြစ်ပါတယ်။

Ref: Gizmochina