OnePlus ဟာ စတင်တဲ့အချိန်ကတည်းက တခြားသော Flagship ဖုန်းတွေနဲ့ စွမ်းဆောင်ရည်ပိုင်းယှဥ်ပြိုင်နိုင်ပြီး စျေးနှုန်းပိုသက်သာတဲ့ စမတ်ဖုန်းတွေနဲ့ စျေးကွက်ထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း OnePlus ဟာ Flagship Killer ဆိုပြီး နာမည်ရရှိလာခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး OnePlus အနေနဲ့ အောင်မြင်မှုရရှိလာတာက Co-founder နဲ့ CEO ဖြစ်တဲ့ Pete Lau အပြင် Co-founder တစ်ဦးဖြစ်တဲ့ Carl Pei တို့ကြောင့်လို့ ပြောရင်လည်းမမှားပါဘူး။ Pete Lau ဟာ ယခင် OPPO ကုမ္ပဏီမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပေမယ့် Carl Pei ကတော့ OnePlus ရဲ့ Co-founder အနေနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။

Carl Pei ဟာ ပြီးခဲ့တဲ့ OnePlus Nord စမတ်ဖုန်းအတွက်လည်း သီးသန့်နီးပါးတာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်ပြီး Launch Event ကိုပါ ကွဲပြားတဲ့ VR Launch အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ OnePlus Community ထဲမှာလည်း ပိုပြီးလူသိများတယ်လို့တောင် ပြောနိုင်ပါတယ်။

ဒါပေမယ့်လည်း အခုနောက်ဆုံးသိရှိရတဲ့သတင်းတွေအရတော့ Carl Pei ဟာ OnePlus ကုမ္ပဏီကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ အတည်ပြုခြင်းမရှိသေးသလို OnePlus ကုမ္ပဏီနဲ့ Carl Pei ကိုယ်တိုင်ကလည်း တရားဝင်ပြောကြားထားခြင်းတော့ မရှိသေးပါဘူး။

အခုသတင်းကို OnePlus ရဲ့ Internal Leadership အပြောင်းအလဲ Document ဓါတ်ပုံကို Reddit မှာ တင်ထားခဲ့တာဖြစ်ပါတယ်။ အတည်ပြုနိုင်ခြင်းမရှိသေးပေမယ့်လည်း Carl Pei ကို OnePlus ကုမ္ပဏီကနေ အလုပ်ထုတ်လိုက်တယ်လို့လည်း ဖော်ပြထားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Android Central ကနေလည်း Carl Pei ဟာ OnePlus ကုမ္ပဏီကနေ ထွက်ခွာသွားပြီဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။

ဖြစ်နိုင်ခြေများတာကတော့ OnePlus ရဲ့ CEO နဲ့ Cofounder ဖြစ်တဲ့ Pete Lau ဟာ လက်ရှိအချိန်မှာ OPPO ၊ realme နဲ့ OnePlus ကုမ္ပဏီ ၃ ခုကို ပူးပေါင်းတာဝန်ယူနေရပြီဖြစ်တဲ့အတွက် OnePlus ဟာလည်း ယခင်ကလိုမျိုး သီးသန့်အနေနဲ့ကွဲထွက်နေမှာမဟုတ်တော့ဘဲ Carl Pei နဲ့ ပြဿနာဖြစ်ပွားခဲ့တယ်လို့ ယူဆရပါတယ်။

Ref – 9to5Google