OnePlus ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေတင်မဟုတ်ဘဲ တခြားသော Gadget တွေ၊ Electronics ပစ္စည်းတွေကိုပါ ထုတ်လုပ်နေပြီဖြစ်ပါတယ်။ OnePlus TV ဆိုရင်လည်း စျေးကွက်အတွင်းမှာ နေရာတစ်ခုကို ရရှိနေပြီလို့တောင် ပြောနိုင်ပါတယ်။

အခုလည်း OnePlus ကနေ TV စျေးကွက်တင်မဟုတ်ဘဲ Monitor စျေးကွက်အတွင်းပါ ဝင်ရောက်လာတော့မယ်လို့ သိရပါတယ်။ ဒါကတော့ OnePlus ကနေ လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ India စျေးကွက်အတွက် Monitor အမျိုးအစား ၂ မျိုးကို တရားဝင်မိတ်ဆက်သွားမယ်ဆိုပြီး ကြေညာခဲ့တာပဲဖြစ်ပါတယ်။

OnePlus ကနေ မိတ်ဆက်သွားမယ့် Monitor တွေအကြောင်းကို အသေးစိတ်မသိရှိရသေးပေမယ့် Model တွေအနေနဲ့ကတော့ Monitor X 27 နဲ့ Monitor E 24 တွေဖြစ်တယ်လို့ သိရပါတယ်။ နာမည်အရ အဆိုပါ Monitor တွေဟာ 27″ နဲ့ 24″ အသီးသီးရှိမှာဖြစ်ပါတယ်။

OnePlus Monitor X 27 ဟာ Screen Size တင် 27″ အထိရှိမှာမဟုတ်ဘဲ ပိုမိုအရည်အသွေးပိုင်းမှာ ကောင်းမွန်မယ်လို့ သိရပါတယ်။ Gaming ပိုင်းအတွက်ပါ အသုံးပြုနိုင်မယ်လို့ ပြောကြားထားတာကြောင့် High Refresh Rate အပြင် Low Responsie Time တွေကိုပါ ထောက်ပံ့သွားဖွယ်ရှိနေပါတယ်။ Monitor E 24 ကတော့ သာမန် ရုံးသုံး 24″ Monitor တစ်လုံးပဲဖြစ်နိုင်ပြီးတော့ IPS LCD Panel ကိုပဲ​အသုံးပြုလာမယ်လို့ ယူဆရပါတယ်။​

OnePlus ဟာ TV စျေးကွက်မှာတော့ စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Model တွေကို ရောင်းချနိုင်တာကြောင့် လူကြိုက်များခဲ့တဲ့အတွက် Monitor စျေးကွက်မှာလည်း အောင်မြင်လာနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။​

Ref – Gizmo China