သတင်းများစွာ ထွက်နေတဲ့ OnePlus ရဲ့ စွမ်းရည်သင့် ဖုန်း Nord ကို တရားဝင် ချပြလိုက်ပြီ ဖြစ်ပါတယ်။ Nord မှာ Snapdragon 765G Chipset မောင်းနှင်ထားပြီး ကုမ္ပဏီက OS Update ကို ၂ နှစ်နဲ့ Security Patch ကို ၁ နှစ်ကြာ ဖြန့်ချိပေးမယ်လို့ ကတိပေးထားပါတယ်။ လက်ရှိမှာ Android 10 အခြေပြု OxygenOS 10.5 မောင်းနှင်ထားပြီး ၆.၄၄ လက်မ Fulid AMOLED (1080x2400p) မျက်နှာပြင်ပါပါတယ်။ မျက်နှာပြင်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပေမယ့် HDR မပါလာပါဘူး။

မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ အပြင် Face Unlock ကိုလည်း သုံးနိုင်ပါတယ်။ မျက်နှာပြင်ရဲ့ ဘယ်ဘက်အထက်က Punch Hole မှာ 32MP Main နဲ့ 8MP Ultrawide ကင်မရာ ၂ လုံး ထည့်သွင်းထားပြီး Group Selfie တွေ ဆွဲရင် မိုက်မှာပါ။ အနောက်ဘက်မှာ 48MP , 8MP Ultrawide , 5MP Depth နဲ့ 2MP Macro ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး သီးခြား Zoom ကင်မရာ မပါလာပါဘူး။ Main ကင်မရာက OIS နဲ့ EIS ထောက်ပံ့ထားပြီး 2x Zoom ဖမ်းယူပေးနိုင်ပါတယ်။

4,115mAh ဘက်ထရီ ပါလာပြီး Warp Charge 30T Charger ထည့်ထားပါတယ်။ နာရီဝက်အတွင်းမှာ ၀ ကနေ ၇၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ နားကြပ်ပေါက် မပါလာဘဲ USB-C Port တပ်ဆင်ထားပါတယ်။ ရေစိုခံ စံနှုန်း မပါလာပေမယ့် OnePlus က ချွေးနဲ့ ရေစက်ရေပေါက်တွေကို ခံနိုင်တယ်လို့ ပြောပါတယ်။

အာရှနဲ့ ဥရောပ နိုင်ငံတွေမှာ အရင်ဆုံး ရောင်းချမှာ ဖြစ်ပြီး နောက်လ ၄ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။ Blue Marble နဲ့ Gray Onyx ၂ ရောင် ထုတ်လုပ်ထားပြီး 6/64GB , 8/128GB နဲ့ 12/256GB တွေ ရွေးချယ်နိုင်ပါတယ်။ ၂၄,၉၉၉ ၊ ၂၇,၉၉၉ နဲ့ ၂၉,၉၉၉ ရူပီး အသီးသီး သတ်မှတ်ထားပြီး မြန်မာငွေ ၄ သိန်း ၆ သောင်း၊ ၅ သိန်း ၂ သောင်းနဲ့ ၅ သိန်း ၅ သောင်းလောက် တန်ကြေးရှိပါတယ်။

Ref : gsmarena