OnePlus Nord ရဲ့ တရားဝင်မိတ်ဆက်ရက်ကို မကြေညာရသေးပေမယ့် ဇူလိုင် ၁ ရက်နေ့မှာ Limited အကြိုရောင်းချမှုကို ပြုလုပ်သွားမှာပါ။

OnePlus ကုမ္ပဏီဟာ ယနေ့မှာ Nord စမတ်ဖုန်းထုတ်လုပ်မှုနောက်ကွယ်က Documentary ဗီဒီယိုရဲ့ ပထမပိုင်းကို တင်လာခဲ့ပြီး မှတ်သားလောက်တဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။ အဲ့ဒီထဲက တစ်ခုကတော့ OnePlus CEO ဖြစ်သူ Pete Lau က ဒီဖုန်းဟာ ဒေါ်လာ ၅၀၀ (မြန်မာငွေ ခုနစ်သိန်းနီးပါး) အောက်သာ ရှိမယ်လို့ အတည်ပြုပေးခဲ့တာပါပဲ။

ဒါ့အပြင် Nord စမတ်ဖုန်းရဲ့ Prototypes နှစ်မျိုးကိုလည်း ဒီဗီဒီယိုထဲမှာ တွေ့ခဲ့ရပြီး တစ်ခုက ၅း၅၇ မိနစ်မှာ Dual Punch-hole စတိုင်နဲ့ဖြစ်ပါတယ်။ ၆း၁၄ အမှတ်မှာလည်း နောက်ထပ်မြင်ကွင်းတစ်ခုပါဝင်ခဲ့ပြီး တောက်ပတဲ့ အဝါရောင်နဲ့ ဟန်းဆက်မှာ ထူးထူးခြားခြား Triple-camera ကိုတွေ့ရကာ ရှေ့ကဖုန်းနဲ့ တစ်ခုတည်းလား၊ နောက် Prototype လား ဆိုတာတော့ မသိရပါဘူး။

ဗီဒီယိုအဆုံးမှာတော့ လာမယ့် ဇူလိုင် ၇ ရက်နေ့မှာ OnePlus ရဲ့ ပုံမှန်ထက် ဈေးပိုချိုမယ့် စမတ်ဖုန်းအကြောင်းကို ထပ်ပြီး သိရှိရမယ်လို့ ဆိုသွားခဲ့ပါတယ်။ နောက်ဆုံးထွက်ထားတဲ့ သတင်းတွေအရတော့ OnePlus Nord ဟာ ဇူလိုင် ၁၀ ရက်နေ့မှာ မိတ်ဆက်သွားမှာပါ။

Ref – GSMArena