ဒီနေ့ခေတ်ရဲ့ Hearable ထုတ်လုပ်မှုနယ်ပယ်ကို ကြီးစိုးထားတာဟာ True Wireless earphones တွေလို့ ပြောရပါလိမ့်မယ်။ ဒီနယ်ပယ်ကို ကြီးစိုးထားတဲ့ အမှတ်တံဆိပ်၊ ဒါမှမဟုတ် ကုမ္ပဏီကိုပြပါဆိုရင် အမေရိကန်အခြေစိုက် Apple ကိုပဲ လက်ညှိုးထိုးပြရမှာပါ။ AirPods တွေဟာ ကြိုးမဲ့နားကြပ်စစ်နယ်ပယ်မှာ အရေးပါတဲ့အခန်းကဏ္ဍကို ရယူထားတာလည်း ဖြစ်ပါတယ်။

AirPods တွေဟာ ကြိုးမဲ့နားကြပ်တွေအတွက် လမ်းကြောင်းသစ်ကို ဖွင့်လှစ်ခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။ နည်းပညာပိုင်းသာမက၊ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဒီဇိုင်းပိုင်းဟာ သုံးစွဲသူတွေကြားမှာသာမကဘဲ၊ ဒီထုတ်လုပ်မှုနယ်ပယ်က အခြားပြိုင်ဘက်တွေအပေါ်မှာပါ လွှမ်းမိုးခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။

Hearable နယ်ပယ်ထဲမှာ AirPods ကို အတုယူပြီး လိုက်လံထုတ်လုပ်တဲ့ ထုတ်ကုန်တွေကိုလည်း တွေ့ခဲ့ဖူးပြီး ဖြစ်ပါလိမ့်မယ်။ ဒီလမ်းကြောင်းကို လိုက်လာတဲ့ နောက်ထပ်အမှတ်တံဆိပ်ကတော့ OnePlus ဖြစ်ပါတယ်။ OnePlus ဟာ ကိုယ်ပိုင်ကြိုးမဲ့နားကြပ်စစ်တွေ ထုတ်လုပ်ဖို့ ကြိုးပမ်းနေပါတယ်။ ထွက်ပေါ်လာတဲ့သတင်းအရ OnePlus ရဲ့ TWS ဟာ ဒီဇိုင်းပိုင်းမှာ AirPods နဲ့ ခပ်ဆင်ဆင်တူနေတာကို တွေ့ရပါတယ်။ (OPPO Enco နဲ့လည်း တူတယ်လို့ ဆိုနိုင်ပါတယ်။)

Tipster တစ်ဦးဖြစ်တဲ့ Max J ဟာ OnePlus ရဲ့ TWS ပုံစံသစ်ကို မျှဝေခဲ့တာဖြစ်ပါတယ်။ ဒီ Teaser ဟာ လာမယ့် ဇူလိုင်လမှာ ဖြန့်ချိမယ့် OnePlus TWS ရဲ့ ပုံစံကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာအချက်က TWS ကို ဖြန့်ချိမယ့်အချိန်အနီးတစ်ဝိုက်မှာ OnePlus Z စမတ်ဖုန်းသစ်ကိုလည်း ပွဲထုတ်ဖွယ်ရှိနေတာပါ။

လက်ရှိအချိန်မှာတော့ OnePlus ရဲ့ TWS ဟာ AirPods နဲ့ ခပ်ဆင်ဆင်ပုံစံရှိတယ်ဆိုတာကိုပဲ သိရပါသေးတယ်။ ထည့်သွင်းတည်ဆောက်ထားမယ့် Hardware တွေနဲ့ လုပ်ဆောင်ချက်တွေအကြောင်းကိုတော့ မသိရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ကြိုးမဲ့နားကြပ်ဟာ ဈေးနှုန်းသက်သာမယ်လို့တော့ မျှော်လင့်ရပါတယ်။

Ref: Gizmochina