OPPO ဟာ Foldable ဖုန်းရဲ့ ရှေ့ပြေးပုံစံကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်တုန်းကတည်းက MWC မှာ ပြသခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်း မူပိုင်ခွင့်ဒီဇိုင်းအမျိုးမျိုးပေါ်ထွက်လာခဲ့ပြီး ကုမ္ပဏီက စမ်းသပ်နေတဲ့ ဒီဇိုင်းတွေကို တွေ့မြင်လာရတာ အခုထက်ထိပဲ ဖြစ်ပါတယ်။

အခု နောက်ဆုံးထွက်လာတဲ့ OPPO ရဲ့ Foldable ဒီဇိုင်းဟာ Moto RAZR ရဲ့ Clamshell ဒီဇိုင်းမျိုးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် မတူညီတာက မျက်နှာပြင်ကို အတွင်းထဲခေါက်ထည့်တာမဟုတ်ဘဲ အပြင်ဘက်မှာထားပြီး ခေါက်သိမ်းတာပါ။ ဒီလိုမျိုး မျက်နှာပြင်ကိုအပြင်ထားတာက Huawei လည်း လုပ်ပြီးပါပြီ။ မျက်နှာပြင်ကို အတွင်းမှာထားတာက ပိုပြီးသင့်လျော်တယ်လို့ပဲ ဆိုရပါလိမ့်မယ်။

OPPO ရဲ့ Foldable ဒီဇိုင်းဟာ ဖြန့်ထားချိန်မှာတော့ သာမန် စမတ်ဖုန်းတစ်လုံးလိုပဲ ခံစားရစေပါတယ်။ ပတ်လည် Bezel တွေကလည်း မထူမပါးအနေအထားလို့ပဲ ပြောနိုင်ပါတယ်။ ခါးလယ်က ခေါက်ချိုးနေရာမှာတော့ ပတ္တာရှိပါလိမ့်မယ်။ ကင်မရာသုံးလုံးကို မျက်နှာပြင်ရဲ့ ဆန့်ကျင်ဘက်အခြမ်း (ကျောဘက်) မှာ တပ်ဆင်ပေးထားပြီး၊ ခေါက်ထားချိန်မှာတော့ Selfie ကင်မရာအဖြစ် အသုံးပြုနိုင်မယ့် ပုံစံဖြစ်ပါတယ်။

ပြောရရင်တော့ OPPO ရဲ့ ဒီဇိုင်းက Moto RAZR နဲ့ Huawei Mate X ကို ပေါင်းစပ်ထားတဲ့ ဒီဇိုင်းအယူအဆပါပဲ။ မူပိုင်ခွင့်ကိုအခြေခံပြီး ဖန်တီးထားတဲ့ LetsGoDigital ရဲ့ 3D render တွေကိုကြည့်ရင်တော့ ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါလိမ့်မယ်။ Angle sensor ကတော့ “Folded” နဲ့ “Unfolded” ဆိုတဲ့ အခြေအနေနှစ်ရပ်ကို ထောက်လှမ်းပြီး UI ကို ချိန်ညှိပေးပါလိမ့်မယ်။

မျက်နှာပြင်ကို အပြင်ဘက်မှာထားခြင်းက ဒုတိယမျက်နှာပြင်မလိုအပ်တာ၊ ခေါက်ထားတဲ့ မျက်နှာပြင်အတွက် တင်းကျပ်တဲ့ဖိအားဖြစ်စေပြီး ခေါက်ရိုးကျိုးလွယ်စေတဲ့ ပြဿနာကို ရှောင်ရှားနိုင်တာတွေကို အားသာချက်အဖြစ် ရယူနိုင်ပါတယ်။ ဒါပေမယ့်လည်း Foldable ဖုန်းရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ မျက်နှာပြင်ကို အလွယ်တကူထိခိုက်ပျက်စီးစေနိုင်တဲ့ အားနည်းချက်လည်း ရှိနေပြန်ပါသေးတယ်။

Ref: GSM Arena