OPPO ဟာ မကြာခင်ကပဲ ခေါက်နိုင်တဲ့ စမတ်ဖုန်းတွေနဲ့သက်ဆိုင်တဲ့ ဒီဇိုင်းတွေ၊ အသုံးအဆောင်တွေကို မှတ်ပုံတင်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့တစ်ပတ်ကလည်း ခပ်ဆန်းဆန်း Foldable ဒီဇိုင်းနဲ့ စမတ်ဖုန်းပုံကြမ်းကို မူပိုင်ခွင့်တင်ခဲ့ပါသေးတယ်။

OPPO က မူပိုင်ခွင့်တင်ထားတဲ့ Foldable ဟာ မျက်နှာပြင်ကို ထပ်ပြီးတိုးချဲ့လို့ရတဲ့ ဒီဇိုင်းမျိုးဖြစ်ပါတယ်။ ဒီမူပိုင်ခွင့်ကို Guangdong Oppo Mobile Telecommunications အနေနဲ့ CNIPA (China National Intellectual Property Administration) ဆီ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၀ ရက်နေ့မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီမူပိုင်ခွင့်ဒီဇိုင်းကို နိုဝင်ဘာ ၁၃ ရက်နေ့မှာ အတည်ပြုထုတ်ပြန်ခဲ့ပြီး LetsGoDigital က ပထမဦးဆုံး တွေ့ရှိခဲ့တာပါ။ OPPO ရဲ့ ဒီဇိုင်းမူပိုင်ခွင့်အရ Device ဟာ LG ရဲ့ Rollable စမတ်ဖုန်းပုံစံနဲ့ ဆင်တူတယ်လို့ ဆိုရပါလိမ့်မယ်။ LG ဟာ သူတို့ရဲ့ Rollable စမတ်ဖုန်းကို လာမယ့်နှစ်အတွင်း ကုမ္ပဏီရဲ့ “Explorer Project” အောက်မှာ ဖြန့်ချိမှာ ဖြစ်ပါတယ်။

ဒါပေမယ့် OPPO အနေနဲ့ လက်ရှိတင်ထားတဲ့ ဒီဇိုင်းမူပိုင်ခွင့်နဲ့ Device ကို ဘယ်လိုနာမည်ပေးထားသလဲဆိုတာတော့ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါဘူး။ OPPO ရဲ့ Extendable display စမတ်ဖုန်းဒီဇိုင်းဟာ Notch တွေ၊ Punch-hole တွေ မပါဝင်ဘဲ ရှင်းလင်းတဲ့ မျက်နှာပြင်အဖြစ် တွေ့ရှိရပါတယ်။ ဒါကြောင့် Under-display camera သုံးထားမယ့်ဒီဇိုင်းလို့ ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။

ဘေးနှစ်ဖက်မှာလည်း Physical button တွေကို မတွေ့မြင်ရဘဲ ကျောဘက်မှာ ကင်မရာတစ်လုံး တပ်ဆင်ထားတဲ့ပုံစံသာ တွေ့မြင်ရပါတယ်။ ပြောစရာရှိတာက မျက်နှာပြင်ဒီဇိုင်းဟာ ပင်မကိုယ်ထည်ကနေ အောက်၊ ဒါမှမဟုတ် အထက်ကိုဆွဲဆန့်ပြီး မျက်နှာပြင်ကို ချဲ့ထွင်နိုင်တဲ့ ပုံစံမျိုးပါ။ ဒါဟာ စမတ်ဖုန်းခေတ်ဦးပိုင်းကလို သေးငယ်တဲ့စမတ်ဖုန်းဒီဇိုင်းကနေ ဒီနေ့ခေတ် မျက်နှာပြင်ကျယ်စမတ်ဖုန်းပုံစံ အသွင်ပြောင်းလို့ရတဲ့ စိတ်ကူးနဲ့ဒီဇိုင်းလို့ ဆိုနိုင်ပါတယ်။

Galaxy Z Flip နဲ့ Motorola Razr တို့ဟာ Clamshell foldable တွေဖြစ်ပါတယ်။ သေးငယ်တဲ့ပုံစံနဲ့ဖွဲ့စည်းတည်ဆောက်ထားပေမယ့် ပုံမှန်စမတ်ဖုန်းတစ်ခုရဲ့ မျက်နှာပြင်အရွယ်အစားနီးပါး ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ အားသာချက်ကတော့ သယ်ဆောင်ရလွယ်ကူတာပါ။ ဒါကြောင့် OPPO အနေနဲ့လည်း ဒီလိုအယူအဆကိုပဲ အခြေခံပြီးအကောင်အထည်ဖော်မှာလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

Ref: Gizmochina