Google ဟာ Page Zoom accessibility လုပ်ဆောင်ချက်သစ်ကို သူ့ရဲ့ Chrome Browser အတွက် စမ်းသပ်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို mspoweruser က ဖော်ပြလာတာလည်း ဖြစ်ပါတယ်။ ဒါဟာ Chrome Browser အသုံးပြုမိုလ်ဘိုင်းဖုန်းတွေအတွက်တော့ သတင်းကောင်းလို့ ဆိုရပါမယ်။

ဒီ Feature သစ်ပြုလုပ်ရခြင်းရဲ့ နောက်ကွယ်ကအကြောင်းရင်းဟာ Mobile device တွေမှာ စာသားတွေကို ချုံ့လိုက်၊ ချဲ့လိုက်တဲ့အခါ ရလဒ်တွေပြောင်းလဲသွားပြီး ချို့ယွင်းချက်တွေလည်း ဖြစ်ပေါ်လာတာကြောင့်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဇာတ်လမ်းရှည်တစ်ခုက Chrome support forum ပေါ်မှာ ဖြစ်နေခဲ့တာပါ။

Google Developer တွေဟာ အသုံးပြုသူတွေရဲ့စကားသံတွေကို နားထောင်ပြီး အမှန်တကယ်လိုအပ်နေတဲ့ Page Zoom feature သစ်ကို အကောင်အထည်ဖော်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ Page Zoom ဟာ Desktop ရဲ့ Chrome version က Zoom feature နဲ့ ဆင်တူတယ်လို့ သိရပါတယ်။

Page Zoom လုပ်ဆောင်ချက်က Page တစ်ခုခုမှာ Zoom Level တစ်ခုကိုရွေးချယ်လိုက်တဲ့အခါ၊ ဒီရွေးချယ်ထားတဲ့အဆင့်ကို Browser မှာသိမ်းဆည်းထားလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါစာမျက်နှာကိုပဲ နောက်တစ်ကြိမ်ဖွင့်တဲ့အခါ Chrome က ဒီ Zoom level ကိုပဲပြန်ပေးပြီး အလိုအလျောက်ချိန်ညှိလိုက်တာမျိုး ဖြစ်ပါတယ်။

Page Zoom feature ကို Chrome Canary မှာ ရရှိနေပါပြီ။ ဒါကြောင့် Page Zoom ကို လာမဲ့ Chrome for Android stable ထုတ်လွှတ်မှုမှာ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Phone Arena