TikTok ကို ပိတ်ပင်တာနဲ့ပတ်သက်ပြီး လူသိများတာက အမေရိကန်နဲ့ အိန္ဒိယတို့ပဲ ဖြစ်ပါတယ်။ အမေရိကန်ကတော့ ကုန်သွယ်ရေးစစ်ကိုအကြောင်းပြုပြီး တရုတ်အခြေစိုက်ကုမ္ပဏီကို အပိုင်သိမ်းဖို့ ကြိုးစားတာပါ။ အခုတော့ TikTok ကို အမေရိကန်အခြေစိုက်ကုမ္ပဏီတွေဖြစ်တဲ့ Oracle, Walmart တို့နဲ့ ပူးပေါင်းလိုက်တာကြောင့် ပြဿနာအချို့ ရှင်းသွားပါပြီ။

အိန္ဒိယကတော့ တရုတ်နဲ့ဖြစ်ပွားခဲ့တဲ့ နယ်စပ်ပြဿနာအပြီးမှာ တရုတ်မိုလ်ဘိုင်း App တွေကို ပိတ်ပင်ခဲ့တာဖြစ်ပြီး ဒီထဲမှာ TikTok လည်း ပါဝင်နေခဲ့တာပါ။ အစောပိုင်းကတည်းက အိန္ဒိယရဲ့ ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာတွေကြောင့် လူငယ်တွေပျက်စီးစေနိုင်တယ်ဆိုတဲ့အယူအဆနဲ့ TikTok ကို ပိတ်ပင်ဖို့ အိန္ဒိယအမတ်တွေက တွန်းအားပေးခဲ့တာလည်း ဖြစ်ပါတယ်။

အခုတော့ TikTok ကို ပိတ်ပင်တဲ့နိုင်ငံထဲမှာ ပါကစ္စတန်နိုင်ငံလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ တယ်လီကွန်မြူနကေးရှင်း အာဏာပိုင် (PTA) က အောက်တိုဘာလ ၉ ရက်ကစပြီး TikTok ကို နိုင်ငံတွင်းသုံးစွဲခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ အကြောင်းပြချက်ကတော့ “လော်လည်အကျင့်ပျက်စေခြင်းနဲ့ မလျောက်မပတ်၊မဖွယ်မရာဖြစ်စေခြင်း” ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံတွင်းမှာ TikTok အသုံးပြုသူပေါင်း သန်း ၂၀ ရှိတယ်လို့ PTA ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ TikTok ကို ထုံးတမ်းယဉ်ကျေးမှုတွေနဲ့မကိုက်ညီတာအပြင် တိုင်ကြားမှုတွေကြောင့် ပါကစ္စတန် အာဏာပိုင်တွေက ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက သတိပေးမှုပြုလုပ်ထားခဲ့တယ်လို့လည်း သိရပါတယ်။ အထူးသဖြင့် ညစ်ညမ်းတဲ့အကြောင်းအရာတွေကို ဒီပလက်ဖောင်းမှာ ဖော်ပြနေကြတယ်ဆိုတဲ့ အကြောင်းပဲချက် ဖြစ်ပါတယ်။

ဓလေ့ထုံးတမ်းဆိုင်ရာမှာ ပြင်းထန်တဲ့အယူရှိတဲ့ ပါကစ္စတန်ဟာ TikTok သာမက၊ Tinder နဲ့ Grindr အပါအဝင် အခြား Dating app ငါးမျိုးကိုလည်း နိုင်ငံတွင်းသုံးစွဲခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ အခုအချိန်ထိ သိရှိရသလောက်ကတော့ ပါကစ္စတန်ကပိတ်ပင်တဲ့အကြောင်းရင်းထဲမှာ နိုင်ငံတွင်းအချက်အလက်တွေကို နိုင်ငံပြင်ပဆီပို့ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက် မပါဝင်သေးတာပဲ ဖြစ်ပါတယ်။

Ref: Gizmochina