Google ဟာ ယခုနှစ်အတွက် Pixel 6 နဲ့ Pixel 6 Pro ဖုန်းတွေကို နှစ်ကုန်ပိုင်းမှာ မိတ်ဆက်သွားမယ်လို့ ကြေညာထားပြီးဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက သတင်းတွေအရ Mid Range စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Google Pixel 5a 5G ဖုန်းကိုလည်း မကြာခင်မှာ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

ထွက်ရှိထားတဲ့သတင်းတွေအရတော့ Google Pixel 5a 5G ဟာ စျေးနှုန်းအနေနဲ့ ဒေါ်လာ ၄၅၀ (မြန်မာငွေ ၇ သိန်းခွဲဝန်းကျင်) ရှိမှာဖြစ်ပြီး လာမယ့် သြဂုတ်လ ၁၇ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ အခုနောက်ဆုံးအနေနဲ့ Google Pixel 5a ကို မရောင်းချခင်မှာ ဖုန်းပြင်ဆိုင်တွေကို Pixel 5a 5G ရဲ့ အစိတ်အပိုင်းတွေရောက်ရှိနေပြီဖြစ်ပြီး ဓါတ်ပုံတွေလည်း ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။

ယခုပေါက်ကြားလာတဲ့ ဓါတ်ပုံတွေဟာ Pixel 5a 5G ရဲ့ နောက်ကျောဘက် Design နဲ့ Battery ကို အဓိကဖော်ပြထားတာဖြစ်ပြီး အရှေ့ဘက် Screen Display ကတော့ ပါဝင်ခြင်းမရှိပါဘူး။ Design ပိုင်းအနေနဲ့ကတော့ မနှစ်တုန်းက ထွက်ရှိထားတဲ့ Google Pixel 4a 5G နဲ့ တော်တော်လေးကို ဆင်တူနေတာဖြစ်ပါတယ်။

Camera အနေနဲ့လည်း Dual Camera Setup ပါဝင်မှာဖြစ်ပြီး သိရှိရသလောက်ကတော့ Google Pixel 5 မှာ အသုံးပြုထားတဲ့ Camera Setup ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။ နောက်ကျောဘက်မှာ Fingerprint Sensor ကိုလည်း ထည့်သွင်းထားပြီး ကိုယ်ထည်အနေနဲ့ကတော့ Polycarbonate ကိုပဲ အသုံးပြုထားဖွယ်ရှိနေပါတယ်။

Google Pixel 5a 5G ရဲ့ အားသာချက်ကတော့ Battery ပိုင်းဖြစ်လာနိုင်ပြီး Capacity အနေနဲ့ 4680mAh Battery ကို ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ Pixel စမတ်ဖုန်းတွေထဲမှာ Battery အကောင်းဆုံးဖြစ်လာဖို့ကတော့ ကျိန်းသေနေပြီဖြစ်ပါတယ်။

Google ဟာ Pixel 6 Series မှာ ကိုယ်ပိုင် Google Tensor Chip ကို အသုံးပြုလာမှာဖြစ်ပေမယ့်လည်း အခု Pixel 5a 5G ဖုန်းမှာတော့ Qualcomm ရဲ့ Snapdragon 765G ကိုပဲ ဆက်လက်အသုံးပြုလာမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် စွမ်းဆောင်ရည်ပိုင်းမှာတော့ ယခင် Pixel 5 နဲ့ Pixel 4a 5G ဖုန်းတွေနဲ့ အတူတူဖြစ်လာမှာပါ။

Ref – Android Police