Google ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Pixel 3a စမတ်ဖုန်းကို မေလအတွင်းမှာမိတ်ဆက်ခဲ့ပြီး စျေးကွက်အတွင်းမှာ Google အတွက် အအောင်မြင်ဆုံး Mid Range ဖုန်းတစ်လုံးဖြစ်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ မေလအတွင်းမှာ ပြုလုပ်နေကျဖြစ်တဲ့ Google I/O 2020 ကိုလည်း ဖျက်သိမ်းခဲ့သလို Google Pixel 4a Mid Range ဖုန်းအသစ်ကလည်း သတင်းတွေပေါက်ကြားနေပေမယ့် တရားဝင်မိတ်ဆက်ခြင်းမရှိသေးပါဘူး။

အခုလည်း Google ကနေ အဆိုပါ Pixel 4a တင်မဟုတ်ဘဲ Pixel 4a (5G) နဲ့ Pixel 5 ဖုန်းတွေကိုပါ မိတ်ဆက်သွားဖို့ရှိတယ်ဆိုပြီး သတင်းပေါက်ကြားခဲ့ပါပြီ။ ဒါကလည်း Codename တွေတင်မဟုတ်ဘဲ နာမည်ကိုပါ အတိအကျအတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ Google Pixel 4a (5G) ဖုန်းဟာ Codename အနေနဲ့ “redfin” လို့ပေးထားပြီး Pixel 5 ကိုတော့ “bramble” လို့ပေးထားတယ်လို့ သိရပါတယ်။ ထူးခြားချက်တစ်ခုကတော့ Pixel 4a (5G) ရော Pixel 5 ဖုန်း ၂ လုံးစလုံးက Qualcomm Snapdragon 765G ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။

ယခုသတင်းဟာ Google ကနေ Pixel 4a ကို အခုအချိန်အထိ မိတ်ဆက်ခြင်းမရှိသေးတာအတွက် အကြောင်းပြချက်တစ်ခုဖြစ်နိုင်ပြီးတော့ နှစ်ကုန်ပိုင်းကြမှပဲ Pixel 5 Flagship ဖုန်းနဲ့အတူ Pixel 4a နဲ့ Pixel 4a (5G) ဆိုပြီး မိတ်ဆက်လာနိုင်ပါတယ်။ မကြာသေးခင်တုန်းက ထွက်ရှိခဲ့တဲ့ Pixel 5 XL လို့ယူဆရတဲ့ Render ဓါတ်ပုံတွေကလည်း Pixel 4a (5G) အတွက်ဖြစ်လာဖို့များနေပါတယ်။

Google Pixel 4a ဟာ စျေးနှုန်းအနေနဲ့ $349 ကနေ ရောင်းချမယ်ဆိုပြီး သတင်းတွေထွက်ရှိထားပါတယ်။ Pixel 5 ကလည်း Snapdragon 865 Processor လိုမျိုး Flagship Processor အစား Snapdragon 765G ကိုပဲ အသုံးပြုလာမယ့်အတွက် $600 နဲ့ $700 ကြားရောင်းချသွားဖို့ များနေပါတယ်။ အဲ့ဒီအတွက် Pixel 4a (5G) ဟာ Pixel 5 လိုမျိုး Premium Build Quality နဲ့ Wireless Charging လိုမျိုး Feature တွေမပါဝင်တာကလွဲရင် စွမ်းဆောင်ရည်ပိုင်းတူညီပြီး $500 ဝန်းကျင်နဲ့ ရောင်းချလာနိုင်ပါတယ်။

Ref – 9to5Google