တရုတ်အခြေစိုက် Esports အဖွဲ့အစည်းဖြစ်တဲ့ PSG.LGD ဟာ သူတို့ရဲ့ Dota 2 အသင်းအတွက် မလေးရှား ကစားသမား Lai “Ahjit” Jay Son ကို အခုလအစောပိုင်းကမှ ခေါ်ယူခဲ့တာဖြစ်ပေမယ့် ခေါ်ယူပြီး ငါးရက်အကြာမှာပဲ တရုတ်ကစားသမားတစ်ဦးဖြစ်တဲ့ Li “ASD” Zhiwen နဲ့ပြန်အစားထိုးလိုက်ပါတယ်။

PSG.LGD ရဲ့ Dota 2 အသင်းဟာ တရုတ်အခြေစိုက်အသင်းတွေထဲမှာ လက်ရှိအကောင်းဆုံးအသင်းတွေထဲက တစ်သင်းလို့ သတ်မှတ်နိုင်ပြီး ၂၀၁၈ ခုနှစ်က The Internationals ပွဲမှာ ဒုတိယရရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၉ – ၂၀ ကာလအတွင်းမှာ ရလဒ်တွေမကောင်းခဲ့တဲ့အတွက် လူစာရင်းကို ပြောင်းလဲခဲ့တာပါ။ အခုဖေဖော်ဝါရီလ အစမှာပဲ အသင်းမှာ လေးနှစ်ကြာ ကစားခဲ့တဲ့ Wang “Ame” Chunyu ရဲ့နေရာမှာ ရုတ်တရက်ဆိုသလို Ahjit နဲ့အစားထိုးဖို့ ကြိုးစားခဲ့ပါတယ်။

လက်ရှိအချိန် တရုတ်ပြည်တွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် Esports ပြိုင်ပွဲအများစုကို အနားပေးထားပြီး Ahjit ဟာ တရားဝင်ပြိုင်ပွဲကြီး တစ်ခုမှ မယှဉ်ပြိုင်ရသေးခင် အသင်းက ထွက်ခွာခဲ့ရတာနဲ့ ပတ်သက်လို့ PSG.LGD ရဲ့ ထုတ်ပြန်ချက်မှာ ရှင်းလင်းချက်အနည်းငယ်သာပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် တရုတ်ဆိုရှယ်မီဒီယာ Weibo ပိုစ့်မှာတော့ ပိုရှင်းရှင်းလင်းလင်းဖော်ပြထားတာ တွေ့ရပြီး Ahjit ဟာ နည်းဗျူဟာပိုင်းနဲ့ အသင်းလိုက်စွမ်းရည်တို့မှာ လိုက်မီအောင် လက်စွမ်းမပြနိုင်တာကြောင့် အခုလို လဲလှယ်ခဲ့တာလို့ ဆိုထားပါတယ်။

သူ့နေရာမှာ အစားဝင်မယ့် ASD ကလည်း Ahjit လိုပဲ Tier-one အဆင့် Dota 2 အသင်းကြီးမှာ အခုမှ ကစားဖူးတာဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ Tier-2 မြင်ကွင်းမှာတော့ လူသိများပြီး CDEC နဲ့ Revive တို့လို အသင်းတွေမှာ ကစားခဲ့ဖူးပါတယ်။

PSG.LGD ဟာ အခုရက်ပိုင်းအတွင်း လူစာရင်းအသစ်နဲ့ ESL One Los Angeles Major ပွဲအတွက် လက်ရည်စစ်ပွဲကို Open Qualifier ကနေ စတင်ကစားပေးရမှာဖြစ်ပါတယ်။ အခုလို လူအပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းက အသင်းရဲ့ စွမ်းဆောင်ရည်ကို ဘယ်လောက်ထိ ပြောင်းလဲပေးနိုင်မလဲ ဆိုတာ မြင်ရမှာဖြစ်ပါတယ်။

Ref – Dotesports