Qualcomm ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Snapdragon 855 ထက် ပိုမိုမြန်ဆန်တဲ့ ဂရပ်ဖစ်နဲ့ Overclocked ဗားရှင်းကို ကြေညာခဲ့ပါတယ်။ ဒီနှစ်လည်း အလားတူ ကြေညာမှုမျိုးကို ထပ်ပြီး ပြုလုပ်လာဦးမယ်လို့ ယူဆရပါတယ်။ ဟုတ်ပါတယ်။ Snapdragon 865 Plus ပါ။

Sanpdragon 865 Plus ကို ဇူလိုင်လမှာ ကြေညာမယ်လို့ Ice Universe က ပြောခဲ့ဖူးပါတယ်။ Tipster ကတော့ Mid-cycle refresh ကြောင့် 865 Plus ဟာ တတိယသုံးလပတ်ထဲမှာ ထွက်ပေါ်လာလိမ့်မယ်လို့ အခိုင်အမာပြောခဲ့တာပါ။ အကယ်၍ Qualcomm ကလည်း သူတို့ရဲ့ အစဉ်အလာကို မပြောင်းလဲဘူးဆိုရင် မကြာခင်မှာ ကြေညာတာကို မြင်တွေ့ရနိုင်ပါတယ်။

ဒီလိုအစဉ်အလာရှိပေမယ့် Meizu ရဲ့ ဈေးကွက်ရှာဖွေရေးအရာရှိချုပ်က ဒီနှစ်အတွင်းမှာ Snapdragon 865 plus မထွက်နိုင်တော့ဘူးလို့ ပြောခဲ့တဲ့နောက်ပိုင်းမှာ အနည်းငယ် မရေမရာ ဖြစ်သွားခဲ့ပြန်ပါတယ်။ သိပ်မကြာသေးခင်ကတော့ Digital Chat Station က Meizu ဘက်ကပြောတာ လွဲချော်နိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် Ice Universe ကလည်း Galaxy Note 20 Ultra မှာ Snapdragon 865 Plus ကို အသုံးပြုထားလိမ့်မယ်လို့ အခိုင်အမာ ပြောဆိုလိုက်ပြန်ပါတယ်။ ဒါ့အပြင် Galaxy Z Flip 5G, OnePlus 8T နဲ့ ASUS ROG Phone III တို့မှာလည်း 865 Plus ကို အသုံးပြုမယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါသေးတယ်။

Snapdragon 865 plus အနေနဲ့ 865 ထက် ပိုတဲ့ Overclocked ဗားရှင်းဖြစ်မှာသေချာပေမယ့် ကြီးကြီးမားမား ကွာခြားမှုမရှိဘဲ CPU စွမ်းဆောင်ရည်နဲ့ ဂရပ်ဖစ်ပိုင်းပိုမြန်လာတာ၊ ဂိမ်းပိုင်းဆိုင်ရာအတွက် အဆင့်မြှင့်တင်လာတာတို့လောက်ပဲ ကွာခြားသွားဖွယ်ရှိပါတယ်။ ဒါပေမယ့် နောက်ထွက်လာမယ့် 5nm လုပ်ငန်းစဉ်ပေါ်အခြေခံထားတဲ့ Snapdragon 875 ကတော့ ပိုပြီးတော့ ကောင်းနေဦးမှာ အမှန်ပဲဖြစ်ပါတယ်။

Ref: Phone Arena