Xiaomi ကနေ ပြီးခဲ့တဲ့နှစ်မေလတုန်းက Redmi Brand ကို သီးသန့် Sub-brand အနေနဲ့ ခွဲထွက်ပြီး ပထမဆုံး Flagship ဖုန်းတစ်လုံးဖြစ်တဲ့ Redmi K20 Pro ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ Redmi K20 Pro ဟာ အောင်မြင်တဲ့စမတ်ဖုန်းတစ်လုံးဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ အရောင်းရပ်ဆိုင်းတော့မှာပါ။

ဒါကတော့ Xiaomi ရဲ့ Vice President ဖြစ်တဲ့ Lu Weibing ကနေ Weibo စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပြီး ယခုလအတွင်းမှာ Redmi K20 Pro နဲ့ Mi 9T Pro စမတ်ဖုန်းတွေ ရောင်းချနေတာကို ရပ်ဆိုင်းသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပုံမှန် Redmi K20 ဖုန်းကိုတော့ အရောင်းရပ်မယ်လို့ ပြောကြားခဲ့ခြင်းမရှိတဲ့အတွက် ဆက်လက်ဝယ်ယူနိုင်ဖွယ်ရှိနေပါတယ်။

ဒီလိုမျိုး Redmi K20 Pro စမတ်ဖုန်းကို အရောင်းရပ်ဆိုင်းလိုက်ရတာက Xiaomi ကနေ လာမယ့် မတ်လအတွင်းမှာ Redmi K30 Pro စမတ်ဖုန်းအသစ်ကို မိတ်ဆက်သွားမယ့်အတွက်ဖြစ်ပါတယ်။

Redmi ကနေ အဆိုပါ K30 Pro ဖုန်းသစ်နဲ့ပတ်သတ်ပြီး မိတ်ဆက်မယ့်အချိန်နဲ့ Teaser ဓါတ်ပုံတွေဖော်ပြထားခြင်းမရှိသေးပေမယ့် လက်ရှိသိထားတဲ့သတင်းတွေအရတော့ Snapdragon 865 ၊ 8GB RAM ၊ 64MP Quad Camera Setup ၊ 33W Fast Charging ပါဝင်တဲ့ 4700mAh Battery နဲ့ Pop-up Selfie Camera တပ်ဆင်ထားတဲ့ Flat FHD+ AMOLED Display ပါဝင်လာမှာဖြစ်ပါတယ်။

Ref – GSM Arena