realme ဟာ ယခုနှစ်အတွက် Flagship ဖုန်းသစ်ဖြစ်လာမယ့် realme GT5 စမတ်ဖုန်းကို မိတ်ဆက်မယ့်အချိန်ကို Weibo စာမျက်နှာမှာ တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ ကြေညာချက်အရ realme GT5 ဖုန်းဟာ လာမယ့် သြဂုတ်လ ၂၈ ရက်နေ့မှာ တရုတ်နိုင်ငံတွင်းမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

အဆိုပါ realme GT5 ကို မိတ်ဆက်မယ့် Event ဟာ realme ကုမ္ပဏီရဲ့ ၅ နှစ်ပြည့်အထိမ်းအမှတ် အောင်ပွဲခံတဲ့အနေနဲ့ပါ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒါကြောင့် realme GT5 ဖုန်းအပြင် realme Buds Air 5 နဲ့ တခြားသော Product တွေကိုပါ မြင်တွေ့ရလာနိုင်တယ်ဆိုပြီး ခန့်မှန်းနေကြပါတယ်။

realme ဟာ လောလောဆယ်မှာ realme GT5 ကိုပဲ မိတ်ဆက်ဦးမှာဖြစ်ပြီး realme GT5 Pro ဖုန်းကိုတော့ လာမယ့် နှစ်ကုန်ပိုင်းမှပဲ မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။ realme GT5 ဖုန်းဟာ Qualcomm Snapdragon 8 Gen 2 Chipset ကိုအသုံးပြုထားမှာသေချာသလောက်ဖြစ်နေပေမယ့် Camera ပိုင်းတွေ၊ ဒီဇိုင်းပိုင်းတွေမှာ ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကိုတော့ အသေအချာသိရှိထားခြင်းမရှိသေးပါဘူး။ Fast Charging ပိုင်းမှာ realme GT5 ဖုန်းဟာ 240W အထိကို ထောက်ပံ့ပေးနိုင်မယ်လို့ သိရပါတယ်။

realme ကနေ ထုတ်ပြန်ခဲ့တဲ့ Teaser ဓါတ်ပုံအရ realme GT5 ဖုန်းဟာ နောက်ဖက် Camera Design ပိုင်းအတွက် ကိုယ်ထည်ကနေ အနည်းငယ်မြှင့်တင်ထားတဲ့ ဒီဇိုင်းပုံစံမျိုးကို အသုံးပြုလာနိုင်ပါတယ်။ အဆိုပါဒီဇိုင်းဟာ realme GT Neo6 အပြင် OnePlus 10 ၊ Samsung Galaxy S21 Series လိုမျိုး ဖုန်းတွေနဲ့ ဆင်တူမှာဖြစ်ပါတယ်။

Ref – GSM Arena