ဒီလ အစောပိုင်းမှာ ကျင်းပခဲ့တဲ့ IFA Berlin နည်းပညာ ပြပွဲမှာ realme က လာမယ့်နှစ်တွေအတွင်း ဥရောပမှာ နယ်ချဲ့မယ့် အစီအစဉ်တွေကို ကြေညာခဲ့ပါတယ်။ realme ဟာ အချိန်တိုအတွင်း အအောင်မြင်ဆုံး စမတ်ဖုန်း ကုမ္ပဏီ ဖြစ်သလို အနာဂတ် ရည်မှန်းချက်ကလည်း မသေးပါဘူး။ ၂၀၂၁ ခုနှစ် အကုန်မှာ ကမ္ဘာ့ ထိပ်တန်း စမတ်ဖုန်း ကုမ္ပဏီ ၅ ခုစာရင်းထဲပါဖို့ ရည်မှန်းထားပါတယ်။ အခုလည်း ဥရောပမှာ အလန်းစား နည်းပညာ ပါတဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို ချပြတော့မှာပါ။

ဩဂုတ်လမှာ realme က 125W UltraDart Charger ကို ကြေညာခဲ့ပြီး အခုတော့ realme အိန္ဒိယနဲ့ ဥရောပရဲ့ စီအီးအို Madhav Sheth က 125W Fast Charger ပါတဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို ဥရောပမှာ မိတ်ဆက်မယ်လို့ အသိပေးလိုက်ပါတယ်။ သူက တွစ်တာကနေ ဒီသတင်းကို အသိပေးလိုက်တာ ဖြစ်ပြီး အဲဒီ Charger ရဲ့ ဓါတ်ပုံကိုလည်း ပြသထားပါတယ်။

အဲဒီ စမတ်ဖုန်း နာမည်နဲ့ ကြေညာမယ့် အချိန်ကို မသိရသေးပေမယ့် realme က အဲဒီ UltraDart Charger ဟာ 4,000mAh ဘက်ထရီကို ၃ မိနစ်အတွင်း ၀ ကနေ ၃၃ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ ညွှန်းထားပါတယ်။ အဲဒီ Charger ဟာ 125W PPS, 65W PD နဲ့ 36W QC အပါအဝင် အရင် စံနှုန်းတွေနဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။

realme ကြုံးဝါးထားသလို နောက်နှစ် ဥရောပမှာ အောင်မြင်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gsmarena